ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အနီးကပ်လုံခြုံရေးယာဉ်တန်းမှ ရဲတပ်သားတွင် ကိုဗစ်ပိုးတွေ့

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အနီးကပ်လုံခြုံရေးယာဉ်တန်းမှ ရဲတပ်သားတွင် ကိုဗစ်ပိုးတွေ့

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အနီးကပ်လုံခြုံရေးယာဉ်တန်းမှ ရဲတပ်သားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းရဲတပ်သား၏ မိသားစုဝင် သုံးဦးနှင့် အခြားရဲတပ်သားတစ်ဦး အပါအဝင် စုစုပေါင်း ငါးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ၃ ရက်နေ့က ဝန်ကြီးချုပ်ရဲ့ အနီးကပ်လုံခြုံရေးယာဉ်တန်းက ရဲတပ်သားလေးတစ်ယောက်မှာ အနံ့မရလို့ ကျွန်တော်တို့ရဲ့ ဒဂုံကွာရန်တင်းစင်တာကို ပို့တယ်။ အဲ့ဒီကနေ Swab (တို့ပတ်နမူနာ) စစ်လိုက်တဲ့အခါ သူက Positive ပိုးတွေ့တာပေါ့နော်။ သူနဲ့ ထိတွေ့ခဲ့တဲ့သူ ၈ ယောက်ကို စစ်တာပေါ့နော်။ အဲ့ဒီမှာ သူ့မိသားစု သုံးယောက်နဲ့ နောက်ထပ်ရဲတပ်သားတစ်ယောက်မှာတွေ့တာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ထမ်းအချို့တွင် ပိုးတွေ့ရှိရပြီးနောက် အစိုးရအဖွဲ့ရုံးသို့ ဝင်ရောက်သွားလာခွင့်မပြုကြောင်း သိရသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

“ကျွန်တော် ကြယ်ပွင့်ပြမေးခွန်းမေးထားတာ။ အဲ့တာလွှတ်တော်က ဖြေထားတာ ကြာလှပြီ ငါးရက်လောက်ရှိပြီ။ လာယူပါဆိုတော့ အဲ့ဒါဒီနေ့သွားယူခိုင်းတော့ ဝင်လို့မရဘူးတဲ့။ အဲ့ဒါကြောင့် သိရတာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ပိုးတွေ့ရှိခဲ့သူများနေထိုင်ရာ ရဲလုံခြုံရေးဝန်ထမ်းလိုင်းခန်းနေရာများကိုသာ အသွားအလာကန့်သတ်မှုပြုလုပ်ထားခဲ့ပြီး အစိုးရအဖွဲ့ရုံးဝင်းတစ်ခုလုံးကို အသွားအလာ ကန့်သတ်မှုလော့ဒေါင်းပြုလုပ်ထားခြင်းရှိ၊ မရှိကိုမူ မသိရှိရသေးကြောင်း ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက ပြောသည်။

“Positive တွေ့တဲ့အတွက် ရဲလုံခြုံရေးဝန်ထမ်းလိုင်းခန်းတွေမှာပဲ ကျွန်တော်တို့က လော့ဒေါင်းချထားတာပါ။ လွှတ်တော်ဝန်းတစ်ခုလုံးကို လော့ဒေါင်းလုပ်တယ်၊ မလုပ်ဘူးကတော့ ကျွန်တော်တို့ မသိဘူး။” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ်ဦးဖြိုးသိန်း၏ ကျန်းမာရေးနှင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူအချို့ကို မဇ္ဈိမက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

Most read this week

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...