ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှု အခြေအနေ

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှု အခြေအနေ

ကမ္ဘာ့နိုင်ငံအချို့မှ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်တွင်  ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုများကို စတင်နေကြပြီ ဖြစ်သည်။

ကြိုတင်ဆန္ဒမဲပေးမည့်သူ သုံးသောင်းကျော်ရှိသည့် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ မဲပေးနေပြီး ကြိုတင်ဆန္ဒမဲပေးရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိအား မဲပေးရက်အဖြစ် သတ်မှတ်ထားသည်။

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် သွားရောက်မဲပေးခဲ့သည့် ဦးကိုကိုမြတ်ကမူ ကိုဗစ်ကာလတွင် ခပ်ခွာခွာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စီစဉ်ပေးထားသည့်အတွက် ကြိုတင်ဆန္ဒမဲပေးရာ၌ အခက်အခဲ မရှိကြောင်း ပြောသည်။

“အဆင်ပြေပါတယ်။ အားလုံးလုပ်ထားတာ။ ရလာဒ်က နောက်သုံးပတ်အတွင်း ထိန်းနိုင်၊မထိန်းနိုင်အပေါ် မူတည်ပြီးတော့ ဆက်ပြောရမှာပေါ့။ အခုလောလောဆယ် လက်ရှိအနေအထားကတော့ ဘာမှပြောလို့ မရသေးဘူးပေါ့ နော်။ အခုဟာက နှစ်လလောက် လိုသေးတယ်ဆိုတော့ ဘာမှမသေချာသေးဘူးပေါ့။ အားလုံးက အဲလိုအနေအထား ရှိပါတယ်။ ” ဟု ဦးကိုကိုမြတ်က ပြောသည်။  

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ကြိုတင်မဲကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာလ ၂ ရက်နေ့နံနက်ပိုင်းမှစတင်ကာ ဆန္ဒမဲ ပေးနေကြပြီဖြစ်သည်။  

ဆန္ဒမဲပေးရာတွင် ကြိုတင်မဲလာပေးသူ များပြားသည့်အတွက် တန်းစီစောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

တချို့မဲပေးမည့်သူများကို တိုကင်နံပါတ်များပေးကာ ပြန်လွှတ်ခဲ့သည့် အခြေအနေများရှိခဲ့ကြောင်း သံရုံးတွင် လာရောက်မဲပေးသည့် ကိုဝင်းနိုင်က ပြောသည်။  

ကြိုတင်မဲပေးရန် အပြင်၌စောင့်ဆိုင်းသည့်အခါ အခက်အခဲတချို့ရှိသော်လည်း မဲရုံတွင် အဆင်ပြေအောင် စီစဉ်ပေးထားကြောင်း သူက ဆိုပါတယ်။

“လူတွေများလာလို့ တိုကင်စာရွက်ပေးလို့ တချို့လူတွေပြန်ပြီ။ မဲရုံထဲမှာ အကုန်အဆင်ပြေတယ်။ စောင့်တာတစ်ခုပဲ အဆင်မပြေတာ။ ပထမ မဲရုံထဲကို မဝင်ခင် ကျွန်တော်တို့ကို လက်ကိုပိုးသတ်ဆေးနဲ့ ဖျန်းတယ်။ ပြီးရင်လက်အိတ်စွပ်ပေးတယ်။ ပြီးရင် အပူချိန်တွေ တိုင်းတယ်။ ပြီးရင် စာအိတ်သုံးခုပေးတယ်။ ကိုယ်ကြိုက်တာ ခြစ်။ အထဲမှာဘယ်ပြည်နယ်၊ ဘယ်တိုင်း၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဝင်ဝမှာ အကုန်လုံးရှိတယ်။ သူတို့အကုန်လုံးလုပ်ပေးတယ်။ အထဲမှာက အကုန်အဆင်ပြေတယ်။” ဟု ကိုဝင်းနိုင်က ပြောသည်။

တောင်ကိုးရီးယားနိုင်ငံတွင် ကြိုတင်မဲပေးရမည့်ရက်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ သတ်မှတ်ထားပြီး ဆိုးလ်မြို့မှမြန်မာသံရုံးတွင် ကြိုတင်မဲပေးခွင့်ရသူ ကိုးထောင့်ရှစ်ရာ ကျော်ရှိကြောင်းသိရ သည်။

ဆိုးလ်မြို့သံရုံး၌  ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ နောက်တစ်ဦးဖြစ်သည့် ကိုစိုးထွန်းက “လူက နှစ်ဖွဲ့ရှိတယ်။ သံရုံးမှာ မြန်မာလူမျိုးတွေ မဲပေးခွင့်ရအောင်ဆိုပြီး အထောက်အကူပြု အဖွဲ့ဆိုပြီး အွန်လိုင်းမှာ ဖွဲ့ထားတာ ရှိတယ်။ အဲဒီအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ နာမည်စာရင်းတွေကြိုပေးထားတယ်။ မှတ်ပုံတင်မိတ္တူတွေ ကြိုပေးထားတဲ့ သူတွေက ကားနဲ့လာကြတယ်။ လာရင်သူတို့က အဆင်သင့် မဲစာရင်းတွေကို ရှာထားပြီးသား။ ဒါပေမယ့် အခုက ပိတ်ရက်ဆိုတော့ ဒီလောက်လူတွေအများကြီးက ကြိုဝင်ပေးတဲ့သူတွေက များသွားတယ်။ အဲဒီမှာ ပြဿနာတက်တာ။ လူတွေက မဲပေးရမယ်ဆိုတဲ့ ဆန္ဒနဲ့ လာကြသူတွေရှိသလို မဲပေးချင်ပေမယ့် အားမထုတ် ချင်တဲ့ လူတချို့လဲ ရှိတယ်။ အခုပိတ်ရက်ဆိုတော့ စုရပ်တစ်ခုရှိတယ်။ ဘုံကျောင်းဆိုတာ။ အဲဒီမှာ လူတွေအကုန်လုံး စုကြတာပေါ့။ စုကြတော့ ဘာမှလဲ မပါဘဲ ဟိုလူပေးလို့ ငါလဲလိုက်ပေးမယ်၊ တန်းစီလို့ တန်းစီ တယ်။ အဲဒီလို အခက်အခဲတွေပေါ့။” ဟု ပြောကြားသည်။  

ထိုင်းနိုင်ငံတွင် ကြိုတင်မဲပေးခွင့်လျှောက်ထားသူ သုံးသောင်းကိုးထောင် ကျော်ရှိပြီး  အောက်တိုဘာလ ၃ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြိုတင်မဲ ပေးကြရမည်ဖြစ်သည်။

ကြိုတင်မဲပေးမည့် မဲရုံများကို ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့တို့တွင် မဲရုံတွေ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။  

လက်ရှိကိုဗစ်ကာလဖြစ်သည့်အတွက် မဲပေးသည့်အခါ လူစုလူဝေးမဖြစ်စေရန် သတ်မှတ်ချိန်အတိုင်းလာကြရန် နှင့် မဲပေးသူမှလွဲပြီး အဖော်များကိုခေါ်လာခြင်းမပြုရန်ကိုလည်း  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန် ထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲကို အောက်တိုလာလ ၉ ရက်နေ့မှ ၁၂ ရက်အထိ ကြိုတင်ဆန္ဒမဲပေးရန် ရှိနေသည်။  

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၄ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် သွား မည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...