မူဆယ်(၁၀၅)မိုင် ကားသမားတဦးထံ ကိုဗစ်-၁၉ ပိုးတွေ့၊ မန္တလေးထပ်မံ စစ်ဆေးထား

မူဆယ်(၁၀၅)မိုင် ကားသမားတဦးထံ ကိုဗစ်-၁၉ ပိုးတွေ့၊ မန္တလေးထပ်မံ စစ်ဆေးထား

နန်းဆိုင်ဖူး - သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကားသမား၏ ဓာတ်ခွဲနမူနာကို မူဆယ်ဆေးရုံတွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (positive) တွေ့ရှိပြီး၊ မန္တလေး သို့ဓာတ်ခွဲနမူနာထပ်မံစစ်ဆေးရန် ပို့ထားကြောင်း မူဆယ်မြို့ ဂရုဏာလူမှုရေးအသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အသက် ၃၁နှစ် အရွယ်အဆိုပါ ကားသမားသည် ကျောက်မဲမြို့တွင် နေထိုင်ပြီး၊ စက်တင်ဘာ ၂၈ရက်တွင် အနံ့မရခြင်း၊ ခေါင်းနှောက်ခြင်း၊ မောခြင်း စသည့် ဝေဒနာခံစားရသဖြင့် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive တွေ့ရကြောင်း ဦးသောင်းထွန်း က ပြောသည်။

“သူကိုယ်တိုင် အနံ့မရဘူး။ ခေါင်းနှောက်တယ်။ မောတာနဲ့ အဲ့ဒါ စစ်ခံချင်တာနဲ့ မနေ့ညက စစ်လိုက်တာ ၉ ခွဲ ၁၀ နာရီလောက်မှာ အဖြေသိလိုက်ရတယ်။ မူဆယ်ဆေးရုံမှာ စစ်လိုက်တယ်။ မူဆယ်ဆေးရုံမှာ ထားပြီး ကုသနေပါတယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

ထိုကားသမားထံတွင် ကိုဗစ်-၁၉ ဖြစ်ကြောင်းကို မူဆယ်ဆေးရုံ မှဆရာဝန်ကြီး ကိုယ်တိုင် ပြောကြားခြင်းဖြစ်ကြောင်း၊ သို့သော် သေချာရန် အတွက် မန္တလေးကို ထပ်မံပို့ဆောင်စစ်ဆေးဉီးမည်ဖြစ်ကြောင်း လည်း သိရသည်။

“ မန္တလေးကို ပို့တာက သေချာအောင်လို့ပါ။ ဒီနေ့ ည အဖြေပါချင်ပါမယ်။ ဒါပေမယ့် မူဆယ် ဆေးရုံကတော့ Positive ဆိုတာ အတည်ပြုတယ်” ဟု ဦးသောင်းထွန်း ကဆိုသည်။

ထို ကာသမားနှင့်ထိတွေ့ခဲ့သည့် ကား (၄) စီး မှာ ကားသမား ၆ ဦးရှိပြီး ၎င်းတို့ကိုလည်း ဓါတ်ခွဲနမူနာ စစ်ဆေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“သူနဲ့ ထိတွေ့ ဆက်စပ်သူက အားလုံး ကား (၄) စီးမှာ သူအပါအဝင်ဆို ၇ ဦးပါ။ ကျန်တဲ့သူတွေကိုလည်း ဆေးစစ်ဖို့ ဆောင်ရွက်နေပါတယ်။ ၁၀၅ မိုင်မှာပဲ ကားတန်းရှိနေတုန်းပဲ ရှိသေးတယ် ” ဟု ဦးသောင်းထွန်း ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မူဆယ်ဆေးရုံမှ ကိုဗစ်-၁၉ ကာကွယ်၊တားဆီးရေး မှ ဆရာဝန်များကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

မူဆယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၄) ဦး ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မှာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ တရုတ်ပြည်သို့ဝင်ရန် စောင့်ဆိုင်းနေသည့် ကားသည် ရာချီရပ်စောင့်ထားကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးဇုန်တခုဖြစ်ပါသည်။

ကိုဗစ်ကူးစက်မှုကြောင့် တရုတ်မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားသည်မှာ နှစ်၀က်ခန့်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်သို့ဝင်မည့် ကုန်ကားများကိုလည်း တရုတ်ယာဉ်မောင်းများက အစားထိုးမောင်းနှင်ပို့ဆောင်ပေးနေကြောင်းသိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...