ကူးလူးဆက်ဆံမှု လျှော့ချနိုင်ရေး ရန်ကုန်ကို Semi-Lockdown ပြုလုပ်လိုက်ခြင်းဖြစ်

ကူးလူးဆက်ဆံမှု လျှော့ချနိုင်ရေး ရန်ကုန်ကို Semi-Lockdown ပြုလုပ်လိုက်ခြင်းဖြစ်

COVID-19 ပိုးတွေ့လူနာ အများဆုံးတွေ့ရှိနေရသည့် ရန်ကုန်တိုင်းဒေသကြီးတွင် တတ်နိုင်သမျှ ကူးလူးဆက်ဆံမှု လျှော့ချနိုင်ရေး Semi-Lockdown ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်း တစ်မြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးကို မိမိအိမ်မှာသာ နေထိုင်ရေး (Stay at Home) သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂ဝ ရက် ည ၈ နာရီက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခင် Stay at Home သတ်မှတ်ချက်များနှင့် မတူဘဲ စည်းကမ်းသတ်မှတ်မှုများ ပိုမိုတင်းကျပ်ထားခြင်း ဖြစ်သည်။

ဒေါက်တာ သန်းနိုင်စိုးက “Semi-Lockdown လို့ တင်စားလို့ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက နည်းနည်း Stay at Home လို မဟုတ်တော့ဘူးပေါ့နော်။ Stay at Home မှာတော့ ဆိုင်တွေ၊ ဈေးတွေ ဖွင့်သေးတယ်။ အခုကျတော့ ဈေးဆိုရင်လည်း စားသောက်ကုန်နဲ့ ဆေးလောက်ပဲ ဖွင့်လို့ရမယ်။ ကျန်တဲ့ဟာတွေ အကုန်ပိတ်မယ်ပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက်နေ့ညနေအထိ COVID-19 ရောဂါပိုးတွေ့လူနာ အရေအတွက် ၅၈၀၀ ကျော်လာပြီး သေဆုံးသူ ၉၇ ဦးအထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက် ဖြစ်ပွားသူအများဆုံးနှင့် လူစည်ကား သွားလာရာ ရန်ကုန်မြို့ကို အပြည့်အဝ Lockdown ပြုလုပ်စေလိုသူများလည်း ရှိနေသည်။

မြန်မာနိုင်ငံ၏ အခြေအနေအရ မလျှော့မတင်း ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် Lockdown မပြုလုပ်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

“ဒီဟာမျိုး အနေအထားက ဒီလိုမျိုး Stay at Home နဲ့ Semi-Lockdown ကို ဦးစားပေးရမယ်ပေါ့နော်။ Lockdown ကတော့ အိန္ဒိယမှာရောပေါ့၊ အားလုံးသိတဲ့အတိုင်း အကုန်လုံး ပိတ်ချလိုက်တယ်။ ဘယ်မှအိမ်က ထွက်လို့မရတော့ဘူး။ စားစရာတောင် ထွက်ဝယ်လို့ မရတဲ့အခါကျတော့ အစားအသောက်တွေကို လိုက်ဝေရတဲ့ အနေအထားမျိုးပေါ့နော်။ ဒါမျိုးက ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ ရုတ်တရက်ကြီး ဒီလိုလုပ်ဖို့ဆိုတာ မလွယ်ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အထိ အဆင့်ဆင့် Stay at Home ညွှန်ကြားချက် ယခင်က ထုတ်ပြန်မှုများရှိခဲ့ရာ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းအလုပ်သမားများ အနေဖြင့် အသွားအလာ အဝင်အထွက် လုပ်ခွင့်ပြုခဲ့သည်။

ယခု ထုတ်ပြန်ချက်တွင် နိုင်ငံ့ဝန်ထမ်းများက နှစ်ပတ် ရုံးတက်၊ နှစ်ပတ် အိမ်မှ အလုပ်လုပ်ရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စား သောက်ကုန်နှင့် သားငါးအအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများတွင် တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများကလွဲပြီး ကျန်ကုမ္ပဏီ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အိမ်မှသာ လုပ်ငန်းဆောင်များ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးစင်းလုံးငှား ခရီးစဉ်များ နေ့စဉ်ဆင်းသက်လျက်ရှိရာ မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် ပုဂ္ဂလိက လေဆိပ်၊ ဆိပ်ကမ်း၊ လေကြောင်းလိုင်းများနှင့် ဆက်စပ်ကုမ္ပဏီ အဖွဲ့အစည်းများမှ မဖြစ်မနေ သွားရောက်ရမည့် ဝန်ထမ်းများကို ခြွင်းချက်အနေဖြင့် သွားလာခွင့်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို တင်ပြထားကြောင်း သိရ သည်။

ထိုသို့ မဖြစ်မနေ သွားရောက်ရမည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး အသီးသီး တင်ပြလာမှုများကို ဆုံးဖြတ်ချက် ချမှတ်မှုများ ပြုလုပ်ပြီး ပြန်လည် အကြောင်းပြန်ရန် ရှိနေကြောင်းလည်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

ယခင်က ထုတ်ပြန်သည့် Stay at Home အမိန့်များနှင့် မတူဘဲ စည်းကမ်းသတ်မှတ်ချက်များ ပိုတင်းကျပ်လာသည့် အမိန့်ညွှန်ကြားချက်မှာ စက်တင်ဘာလ ၂၁ ရက်နေ့နံနက် ၈ နာရီ၌ စတင် အသက်ဝင်မည် ဖြစ်သော်လည်း စက်တင်ဘာလ ၂ဝ ရက်နေ့ ည ၈ နာရီမှ ထုတ်ပြန်ခဲ့သောကြောင့် အချိန်ကပ် သွားသည့်အပေါ် အခက်အခဲကြုံရသူ အချို့လည်း ရှိခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...