ပါတီဆိုင်းဘုတ်များ ရွှေ့စိုက်ပေးရန် နယ်မြေခံတပ်ရင်းက ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြား

ပါတီဆိုင်းဘုတ်များ ရွှေ့စိုက်ပေးရန် နယ်မြေခံတပ်ရင်းက ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့တွင် နိုင်ငံရေးပါတီ ဆိုင်းဘုတ်များ လာရောက် စိုက်ထူထားသည့်အတွက် အခြားနေရာသို့ ရွှေ့ပြောင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ အကြောင်းကြားစာပေးပို့ထာကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က မှော်ဘီမြို့နယ် နယ်မြေခံတပ်ရင်းရှေ့ မျက်နှာစာ တပ်ရင်းဂိတ် အုတ်တံတားနှင့် ပေ ၂ဝဝ ခန့်အကွာ ရန်ကုန်-ပြည် ကားလမ်းဘေး မှတ်တိုင်အနီး ပါတီဆိုင်းဘုတ်များ စိုက်ထူထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လာရောက်စိုက်ထူထားသည့် ပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီတို့ ဖြစ်ကြောင်း သိရသည်။

ဤအခြေအနေနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က “ကျွန်တော်တို့ ညွှန်ကြားချက်ကတော့ စည်ပင်သာယာ နယ်မြေပေါ်မှာဆိုရင် စည်ပင်သာယာ ကော်မတီကို အကြောင်းကြားပြီး ဘယ်နေရာမှာ စိုက်ထူမယ်ဆိုတာရယ်၊ ဘယ်အရွယ်အစား ရှိတယ်ဆိုတာရယ် တင်ပြပြီးတော့ စည်ပင်သာယာ ကော်မတီ ခွင့်ပြုချက်နဲ့ စိုက်ထူတာပါ။ စိုက်ထူတဲ့အတွက် အခွန်အခလည်း ပေးရပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ မှာကြားထားပါတယ်” ဟု မဇ္စျိမသို့ ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း အကြောင်းကြားလာပါက ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မွှေးက “နှစ်ဖက်ညှိနှိုင်းတာ အဆင်ပြေသွားတယ်လို့ ပြောတယ်။ ဖုန်းနဲ့တင်ပြတာတော့ ရှိတယ်။ တရားဝင်တော့ စာမပို့သေးဘူး။ နိုင်ငံရေးပါတီတွေကတော့ ပါတီအောင်နိုင်ရေးကာလမှာ၊ စည်းရုံးရေးကာလမှာ ဆိုင်းဘုတ်တွေ တင်တယ်။ စည်ပင်ကို အခွန်ဆောင်ပြီး စည်ပင်ခွင့်ပြုချက်နဲ့ နိုင်ငံရေးပါတီတိုင်းက လုပ်ခွင့်ရှိတယ်” ဟု မဇ္စျိမသို့ ပြောသည်။

အငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပေါ်လာပါက စေ့စပ်ညှိနှိုင်းရေး‌ ကော်မတီ ဖွဲ့စည်းထားပြီး ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ကားလမ်း၏ တစ်ဖက်ခြမ်းသို့ ပြောင်းရွှေ့စိုက်ထူသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်မှာ ဆက်လက် စိုက်ထူးထားသည့်အတွက် မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထား သည်။

May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...