မူဆယ်ခရိုင် မုံးပေါ် ဒေသ လက်နက်ကြီးသံကြားရ

မူဆယ်ခရိုင် မုံးပေါ် ဒေသ လက်နက်ကြီးသံကြားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ် ဒေသတွင် စက်တင်ဘာ ၁၁ရက် နေ့လည် ၃နာရီ ကျော်မှစတင်ကာ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အဆိုပါ လက်နက်ကြီးသံသည် နေ့လည် ၃နာရီကျော်မှ စတင်ကြားနေရပြီး ညနေ ၄နာရီထိ ပစ်ခတ်သံတွေ ကြားနေရဆဲဟု မုံးပေါ် တွင်နေထိုင်သည့် ဆရာမ အက်စတာ က သျှမ်းသံတော်ဆင့် ကို ပြောသည်

“လက်နက်ကြီးသံတွေကတော့ အကျယ်ကြီးကြားနေရတယ်။ ဘယ်တပ်ဖွဲ့တွေ ဖြစ်နေလဲတော့မသိဘူး။ အခုချိန်ထိ ကြားနေရတုန်းပဲ” ဟု ဆရာမ အက်စတာ က ပြောသည်။

ထိုဒေသတွင် လှုပ်ရှားနေသည့် တပ်များမှာ အစိုးရ တပ်မတော်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ညီနောင် မဟာမိတ်တပ်ရင်းများရှိကြောင်း သိရသည်။

လက်ရှိ လက်နက်ကြီးသံသည် မုံးပေါ် ဒေသနှင့် ၅မိုင်ဝေးသည့် နေရာတွင် ပစ်ခတ်နေကြောင်း သိရသည်။

“ အဲ့လက်နက်ကြီး ပစ်နေတဲ့နေရာနဲ့ နီးတဲ့ မန့်တောင်း ကျေးရွာ ဒေသခံတွေကိုတော့ မန့်ပြိန်းကို ရွှေ့ထားတယ်။ ကျမတို့လည်း ကြောက်နေရတယ်။ အိမ်ထဲမှာပဲနေနေရတယ်” ဟု ဆရာမ အက်စတာ က ဆိုသည်။

ယနေ့မနက်ပိုင်း လက်နက်ကြီး မပစ်ခတ်ခင်တွင် အစိုးရ တပ်မတော် စစ်ကြောင်းများမှ အင်းအားဖြည့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မုံးပေါ် ဒေသဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး (KIA) မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က “ ကျနော်ဆီကိုတော့ မြေပြင် သတင်းမတက်လာသေးဘူး။ ကျနော်လည်း လူမှု ကွန်ရက်မှာတင်တဲ့သတင်းပဲ သိရသေးတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် KIA တပ်ရင်း ၃၆ နှင့် ညီနောင် မဟာမိတ်တပ်များလည်း ရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ထို့ကြောင့် TNLA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာအိုက်ကျော် ကို ဆက်သွယ်မေးမြန်းရာ သတင်းအချက်အလက် မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့် ကို ပြောသည်။

သို့သော် စက်တင်ဘာ ၁၀ရက်တွင် ကွတ်ခိုင်မြို့နယ် ကောင်းလိမ်ကျေးရွာ အထက်လွိုင်လန်တောင်ပေါ်တွင် အစိုးရတပ်မတော် နှင့် TNLA တို့ တိုက်ပွဲ ၅နာရီကြာ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူး တာအိုက်ကျော် က ပြောသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...