ကျောက်မဲကစစ်ရာဇဝတ်မှုအမှန်တရားနဲ့ဝေးနေပြီလား….

ကျောက်မဲကစစ်ရာဇဝတ်မှုအမှန်တရားနဲ့ဝေးနေပြီလား….

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ က သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့က ဟိုင်းကွီရွာမှာ သီပေါအခြေစိုက် ခလရ၂၃ တပ်မတော်စစ်ကြောင်းရဲ့ ဝင်ရောက်ပစ်ခံရမှုကြောင့် ရွာခံလုံးဆု အသက်ဆုံးရှူံးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဇူလိုင်လ ၁၀ရက်နေ့မှာကျောက်မဲဒေသခံ ထောင်ချီဟာ တရားမျှတမှုအတွက် ဆန္ဒ ပြခဲ့ကြပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က RFA သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက်မဲကအရပ်သားပစ်သတ် ခံရမှုတွေနဲ့ပတ်သက်ပြီးတော့ တပ်မတော်မှာ တာဝန်ရှိကြောင်း၊နှစ်ဘက်တိုက်ပွဲကြားမှာ မှားယွင်းပစ်ခတ်ခဲ့တာဖြစ်ကြောင်းပြောဆိုပါတယ်။

မှားယွင်းပစ်ခတ်ခဲ့တဲ့စစ်သည်ကတော့ အဲ့တိုက်ပွဲအတွင်းမှာဘဲ သေဆုံးသွားတာကို စစ်ဆေးရေးအဖွဲ့က တွေ့ရှိရပြီး တာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ဖြေကြားထားကို တွေ့မြင်ရပါတယ်။

မှားတာကိုမှားတဲ့အကြောင်းဝန်ခံပြီးတော့ အရေးယူမယ်ဆိုခဲ့တဲ့အတွက် စစ်ဆေးရေးလုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှုမရှိ လှပေမဲ့ စာရေးသူတို့ ဒေသခံတွေအနေနဲ့ကြိုဆိုလက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနရဲ့ ကျောက်မဲ က စစ်ရာဇဝတ်မှုနဲ့ပတ်သက်တဲ့မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြေဆိုရာမှာ – တပ်မတော်စစ်ကြောင်းကရွာထဲကို စစ်ဆေးဖို့လာရင်း အမျိုးသမီးတစ်ဦး ထွက်ပြေးတာမြင်လို့ိမှားယွင်းပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ ပစ်ခတ်သူဟာတပ်သားအဆင့် ရှိသူတစ်ဦးဖြစ်ပြီး နောက်တရက်တိုက်ပွဲ မှာ ကျသွားကြောင်း၊ တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်ကြောင်း – ဖြေကြားခဲ့တာကိုတွေ့တော့ တပ်မတော်အနေနဲ့ ဒီစစ်ရာဇဝတ်မှုကို တာဝန်ယူတယ်ဆိုတာဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ပေါ့လျော့အောင် လိမ်ညာ အကွက်ချနေပြီလားလို့သံသယဝင်မိပါတယ်။

တကယ်တော့ ဇွန်လ ၂၉ရက်နေ့တုန်းက တပ်မတော်စစ် ကြောင်းက ပစ်သတ်ခဲ့တာဟာ လုံးဆုဆိုတဲ့ အမျိုးသားသာဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း အနေနဲ့ ပထမအကြိမ်မှာဖြေကြားတုန်းက တိုက်ပွဲကြားမှာ မှားယွင်းပစ်ခတ်မှုလို့ပြောထားပြီး ဒုတိယအကြိမ်ဖြေကြားရာမှာ တော့ စစ်ဆေးဖို့လာရင်းမှားယွင်းပစ်ခတ်ခဲ့ တယ်လို့ ဖြေကြားမှုတွေဟာ ရှေ့သွားနောက်လိုက်မညီ တာကိုတွေ့ရပါတယ်။

စက်တင်ဘာလ ၄ ရက် နေ့သတင်းစာရှင်းလင်းပွဲမှာ ရွာသားကိုပစ် သတ်ခဲ့တဲ့ တပ်သားဟာနောက်တစ်ရက် တိုက်ပွဲမှာသေဆုံးသွားတယ်လို့ပြောပေမဲ့ အမည်မဖော်လိုတဲ့ သီပေါဒေသခံအချို့ ပြောပြတဲ့အချက်အလက်တွေအရ သီပေါမြို့နမ့်မိန် သုဿန်မှာ အဲ့ဒီရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာကျခဲ့တဲ့ တပ်သားတစ်ဦးရဲ့အုတ်ဂူ ရှိပြီး ဓာတ်ပုံမှတ်တမ်းတွေအရ ၂၉ရက်နေ့ မှာသေဆုံးခဲ့ကြောင်းတွေ့ရပါတယ်။

ဒါ့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ မြန်မာ့တပ်မတော်တို့ဟာ ဇွန်လ ၂၈ရက်နေ့အထိသာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့နောက်ပိုင်းထိတွေ့တိုက်ပွဲတွေမရှိခဲ့ဘူးလို့လဲဒေသခံတွေကပြောပါတယ်။

ယခုစစ်ရာဇဝတ်မှုဖြစ်ပွားရာ ဒေသတစ်ဝိုက်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဒဏ်အခံရဆုံးဒေသတစ်ခုဖြစ်သလို မြန်မာ့တပ်မတော် ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အရပ်သားတွေ သတ်ဖြတ်ခံရမှု မကြာခဏကြုံတွေ့ရတဲ့ဒေသဖြစ်ပြီး ဒေသခံ တွေအနေနဲ့ ဘယ်တုန်းကမှတရားမျှတမှုကိုမရရှိခဲ့ပါဘူး။

ယခုကိစ္စမှာလဲ မြန်မာ့တပ်မတော်အနေနဲ့ ဟန်ပြအရေးယူမှုတွေ အချက်အလက်အမှားတွေနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိဟန်ဆောင်ပြီး ဒေသခံတွေအတွက် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကိုဖျောက်ဖျက်ဖို့ ကြံစည်နေတာကို အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။လူပေါင်းသောင်းနဲ့ချီက ဆန္ဒပြတောင်းဆို နေတာကိုတောင်မသိချင်ယောင်ဆောင်ပြီး အမှန်တရားကိုဖျောက်ဖျက်ဖို့ကြိုးစားနေခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လမ်းဆုံးရောက်အောင်တွန်းပို့နေတာလို့ စာရေးသူအနေနဲ့ယူဆမိပါတယ်။

သျှမ်းမြောက်ကဒေသခံပြည်သူတွေ အနေနဲ့လည်း အခုလိုစစ်ရာဇဝတ်မှုတွေကို နှုတ်ဆိတ်နေပြီး တရားမျှတမှုရအောင် မကြိုးစားနိုင်ဘူးဆိုရင် အလားတူဖြစ်ရပ်မျိုး ဒါမှမဟုတ် ယခုထက်ပိုပြီးဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကိုကြုံလာနိုင်လို့ မိမိတို့ရဲ့အသံတွေ တိတ်မနေဘဲ အမှန်တရားအတွက် အသံထွက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

လားရှိုး ကျောင်းသားများ သမဂ္ဂအဖွဲ့ မွေလျန်းရေးသားပေးပို့သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...