ICJ ရောက် မြန်မာအမှုတွင် ကနေဒါနှင့် နယ်သာလန် ပူးပေါင်းပါဝင်မှု Justice for Myanmar ကြိုဆို

ICJ ရောက် မြန်မာအမှုတွင် ကနေဒါနှင့် နယ်သာလန် ပူးပေါင်းပါဝင်မှု Justice for Myanmar ကြိုဆို

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ စွဲဆိုထားမှုတွင် ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ ပူးပေါင်းပါဝင်မှုအပေါ် ကြိုဆိုကြောင်း Justice for Myanmar က သတင်းထုတ်ပြန်ထားသည်။

ထိုပူးပေါင်း ပါဝင်မှုတွင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) က အကြံပြုထားသည့် တပ်မတော်စီးပွားရေး လုပ်ငန်းများမှ ရင်းနှီးမြုပ်နှံမှုများ ရုပ်သိမ်းရေးနှင့် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများကို မဖြစ်မနေ လုပ်ဆောင်သွားရန်လည်း Justice for Myanmar ၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICJ ၌ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွင် ပူးပေါင်းပါဝင်သွားမည်ဟု ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဓမ္မပြုကျင့်မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် လိင်ကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် ရာဇဝတ်မှုများကို အထူးအလေးပေးသွားမည်ဟု ဖော်ပြခဲ့သည်။

“ဥရောပသမဂ္ဂ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့အနေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ ပါဝင်သူတစ်ဦးချင်းကို အမြန်ဆုံး ပစ်မှတ်ထားပိတ်ဆို့အရေးယူပေးဖို့၊ ကနေဒါနိုင်ငံအနေဖြင့်လည်း လက်ရှိအရေးယူပိတ်ဆို့မှုများကို ပိုမိုအားကောင်းအောင် တိုးချဲ့လုပ်ဆောင်ဖို့ Justice for Myanmar က တောင်းဆိုပါတယ်” ဟု ယင်းအဖွဲ့၏ ပြောခွင့်ရသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့အနေဖြင့် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများ၊ တပ်မတော်ကို အကျိုးအမြတ်ဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများထဲတွင် Kirin Holdings နှင့် Kirin တွင် ရင်းနှီးမြှုပ်နှံထားသော Canada Pension Plan (CPP)၊ CPP က ရှယ်ယာများ ပိုင်ဆိုင်ထားသည့် Daiwa House Industry, Sumitomo Mitsui Financial Group, Mizuho Financial Group နှင့် Tokyo Tatemono အပါအဝင် ဂျပန်ကော်ပိုရေးရှင်းများလည်း ပါဝင်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုနေသည့် Justice for Myanmar အဖွဲ့ ဝက်ဘ်ဆိုက်ကို ဆင်ဆာပိတ်ရန် အစိုးရက မိုဘိုင်း အော်ပရေတာများနှင့် အင်တာနက်ဝန်‌ဆောင်မှု ပေးသူများကို လျှို့ဝှက်ညွှန်ကြားခဲ့ပြီးနောက် Justice for Myanmar က အခြား ပုံတူဝက်ဘ်ဆိုက် (mirror site) တစ်ခုကို စက်တင်ဘာလအစောပိုင်းတွင် စတင်ထုတ်လွှင့်ထားသည်။ 

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...