လွှတ်တော် အတည်ပြု ပြဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေ သက်ဝင်မှု အားနည်းနေဆဲ

လွှတ်တော် အတည်ပြု ပြဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေ သက်ဝင်မှု အားနည်းနေဆဲ

နန်းဆိုင်ဖူး — သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေသည် အသက်ဝင်မှု အားနည်းနေကြောင်း သျှမ်းပြည်နယ် လွှတ်တော်အမတ် နန်းစံဟွမ်က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများပြည်သူနှင့် သက်ဆိုင်သော ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ ဖြန့်ဝေပေးရန် အစီစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း ကို နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) နန်းစံဟွမ် က စက်တင်ဘာ (၄) ရက်တွင် သျှမ်းလွှတ်တော်တွင်း မေးမြန်းခဲ့သည်။

“မြို့နယ်အဆင့်ထိ လက်လှမ်းမှီ မရောက်ရှိသေးတော့ ဒီဥပဒေတွေဟာ အသက်ဝင်မှု အားနည်းနေသေးတယ်။ ကျမတို့ ဥပဒေ အကာအကွယ်ကို ကျမတို့ ပြည်သူတွေ ရဖို့အတွက် အခက်ခဲရှိနေသေးတယ်။ အဲ့ဒါကြောင့် ဒီမေးခွန်း မေးလိုက်တာပါ။” လွှတ်တော်အမတ် နန်းစံဟွမ် ကပြောသည်။

လွှတ်တော်တွင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြည်နယ်အဆင့်တွင် ဖြန့်ဝေထားပြီး ဖြစ်ပေမယ့် မဖြန့်ဝေ ရသေးတဲ့ ဥပဒေများလည်း ရှိနေသေးကြောင်း သျှမ်းပြည်နယ် ဥပေဒချုပ် ဦးတင်ဦး က လွှတ်တော်တွင်း ပြန်လည် ဖြေကြားခဲ့သည်။

“ပြည်သူတွေ လိုက်နာတယ်ဆိုတာထက် ဌာနဆိုင်ရာတွေ အကုန်လုံး မသိသေးတဲ့အခြေအနေတွေဖြစ်နေတယ်။ အဲ့ဒါကြောင့်မလို့ ဒီဥပဒေ အသက်ဝင်ဖို့ ဆိုတာ အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် ဌာန ဆိုင်ရာတွေက အဆင့်ဆင့်ဖြစ်နေတယ်။ မြို့နယ် ဌာနဆိုင်ရာ အဆင့်ဆင့်မရောက်သေးတာကို ပြောချင်တယ်” ဟု လွှတ်တော်အမတ် နန်းစံဟွမ် ကပြောသည်။

ပြည်နယ်အဆင့်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြန့်ဝေပြီးခဲ့ပေမယ့် မြို့နယ် အဆင့်မှာတော့ လက်လှမ်းမှီ မရောက်သည့်အတွက် မြို့နယ်အဆင့်ထိ ရောက်ရန်အတွက် တွန်းအားပေးသည့် သဘောဖြစ်ကြောင်း လွှတ်တော်အမတ် နန်းစံဟွမ် က ထပ်လောင်းပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်တွင် အများ ပြည်သူ နှင့် သက်ဆိုင်သော ဥပဒေ အတည်ပြု ပြဋ္ဌာန်းရာမှာ (၁၃) ခု ဝန်းကျင် ရှိကြောင်း သိရသည်။

အတည်ပြု ပြဋ္ဌာန်းခဲ့သော အများပြည်သူများ နှင့် သက်ဆိုင်သည့် ဥပဒေသည် သဘာဝ ရေထွက်တော ရေထိန်းတော နှင့်ဆိုင်သော ဥပဒေ၊ အခြေခံ ပညာကျောင်းများနှင့် ဆိုင်သော ယုံကြည့်စိတ်ချရသည့် အစားအသောက် ဥပဒေ၊ ကြက်မွေးမြူရေး ဥပဒေ နှင့် မြေယာခွန် ဥပဒေ စသည်တို့ ဖြစ်သည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...