ကိုဗစ်ကာလ ရွေးကောက်ပွဲမဲဆွယ်ခွင့် ကျန်းမာရေး၊နိုင်ငံရေးပါတီနှင့်UEC တို့ ဆွေးနွေးသင့်ဟုဆို

ကိုဗစ်ကာလ ရွေးကောက်ပွဲမဲဆွယ်ခွင့် ကျန်းမာရေး၊နိုင်ငံရေးပါတီနှင့်UEC တို့ ဆွေးနွေးသင့်ဟုဆို

ကိုဗစ်ကာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမဲဆွယ်ခွင့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကျန်းမာရေးဝန်ကြီး ဌာန၊ နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာသုံးသပ်သူတချို့ကပြောပါတယ်။

ရွေးကောက်ပွဲဉပဒေအရဆိုရင် နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့် ရတော့မှာလည်းဖြစ်ပါတယ်။

“ ဒီလိုကာလထဲမှာရွေးကောက်ပွဲလုပ်ဖို့ကို ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ဟာကို ပထမဆုံးအနေနဲ့ ကော်မရှင်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနလိုဟာမျိုး၊ တခြားအစိုးရအဖွဲ့အစည်းတွေနဲ့ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးပြီးတော့မှ ဒီအခြေအနေကိုသုံးသပ်သင့်တယ် ” လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

နောက်ပြီးတော့ ကော်မရှင်အနေနဲ့ မဲဆွယ်ကာလမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုမျိုးမဲဆွယ်စည်းရုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကိုလဲ ထုတ်ပြန်ပေးသင့်တယ်လို့လဲ သူကဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)အပြင် ရခိုင်အမျိုးသားပါတီ(ANP) တို့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ရွေးကောက်ပွဲမဲဆွယ်ခွင့်အတွက် တရားဝင်ထုတ်ပြန်ချက်ကိုစောင့်ကြည့်နေကြောင်းဆိုပါတယ်။

“ ပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့အပိုင်းလည်း အားနည်းသွားတာပေါ့ဗျာ။ ဒါပေမယ့်မတတ်နိုင်ဘူးလေ။ အခြေအနေအရလုပ်ရတဲ့ဟာကိုး။ ဒါကြောင့် ရောဂါအခြေအနေအရအကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်ဗျ ” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဉက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကပြောပါတယ်။  

ကိုဗစ်အခြေအနေကြောင့် ရွေးကောက်ပွဲကိုထိခိုက်လာနိုင်တယ်ဆိုတာကတော့ မဇ္ဈိမကမေးမြန်းခဲ့တဲ့ပါတီတွေအကုန်လုံးက သဘောတူကြပါတယ်။  

ဒါပေမယ့်လို့ တခြားပြည်နယ်နဲ့တိုင်းတွေနဲ့ မတူညီဘဲ ရွေးကောက်ပွဲ မဲဆွယ်ခွင့်အပြင်၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ပါ ပိုပြီးခက်ခဲနေနိုင်တာကတော့ ရခိုင်ပြည်နယ်ပါ။

ရခိုင်အမျိုးသားပါတီ ဒုဉက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ ရခိုင်ပြည်နယ်ဟာ လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားနေမှုတွေအပြင် စစ်ပွဲတွေကလည်း ရှိနေသေးတာကြောင့် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

“ အခုကိုဗစ်နဲ့ဘယ်လောက်ပဲ ကန့်သတ်ထားပါစေ။ အခုကျွန်မစကားပြောနေတဲ့အချိန်မှာပဲ ရသေ့တောင်၊ စေတီပြင်မှာတစ်ယောက်ဆုံးပြီ။ ပစ်ခတ်ခံရတဲ့အတွက်” လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ရန်ကုန်တိုင်းမှာ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်တော့ဘူးလို့ NLD တာဝန်ရှိသူကလည်းပြောဆိုထားပါတယ်။

ဒါပေမယ့်လို့ ကိုဗစ်ရောဂါကူးစက်မှုတွေများပြားနေတဲ့ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးမှာ Stay at Home ကြေညာထားသလို ကူးစက်မှုမရှိသေးတဲ့မြို့နယ်ကလည်း ၂ ခုပဲကျန်ပါတော့တယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်အပေါ်မှာ အများကြီးမူတည်နေပြီဖြစ်ပါတယ်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...