မယ်ဆိုင်မှ ယာယီလက်ခံရေးစခန်းဖျက်သိမ်းရလို့ ပြည်တော်ပြန်မြန်မာများအခက်အခဲကြုံ

မယ်ဆိုင်မှ ယာယီလက်ခံရေးစခန်းဖျက်သိမ်းရလို့ ပြည်တော်ပြန်မြန်မာများအခက်အခဲကြုံ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ယာယီလက်ခံရေးစခန်းဖျက်သိမ်းထားရသည့်အတွက် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ပြန်လာမည့် ရွှေ့ပြောင်းလုပ်သားအချို့ အခက်အခဲကြုံနေရကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ထိုင်း- မြန်မာဆက်ဆံရေးတာဝန်ခံ ဦးထွန်းက မဇ္ဈိမကို ပြောသည်။

 “စုရပ်အဖြစ် ကျွန်တော်တို့က ဖွင့်ထားတာပေါ့။ ကြိုပြီးရောက်လာတဲ့သူတွေ သတ်မှတ်ရက်မရောက်ခင် ကြိုရောက်လာရင် တည်းခိုလို့ ရတာပေါ့။ အခုက ကျွန်တော်တို့မှာ အရင်လို လက်ခံကြိုဆိုရေးမရှိတော့ သူတို့အနေနဲ့ နီးစပ်ရာ တည်းခိုခန်းမှာ ရက်ရှည်နေဖို့လည်း မဖြစ်နိုင်ဘူးပေါ့နော်။ မဖြစ်တော့ နောက်ကြောင်း ပြန်လှည့်သွားရတာတွေ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

မယ်ဆိုင်-တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်လိုသည့် ထိုင်းရောက်မြန်မာများကို အဆိုပါစခန်းတွင် စုရပ်အဖြစ်သတ်မှတ်ပြီး နေရပ်ပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။နောက်ကြောင်းပြန်လှည့်သွားသူများအနေဖြင့် မိမိတို့ ပြန်ရမည့်ရက်ရောက်ခါနီးမှသာ စုရပ်သို့နောက်တစ်ကြိမ်ပြန်လာရသည့်အတွက်ကုန်ကျစရိတ်အပါအဝင် ထိုင်းအစိုးရ၏ကိုဗစ်ကာလကန့်သတ်ချက်များကြောင့် သွားလာရအခက်အခဲများရှိနေခြင်းဖြစ်သည်။

လူအများစုဝေးနေသည့်အပေါ် အနီးပတ်ဝန်းကျင်ရှိဒေသခံများက ကိုဗစ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေသောကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က စတင်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာယီလက်ခံရေးစခန်းများမှာလူများသောကြောင့် စစ်ဆေးမှုများပြုလုပ်ချိန်တွင် ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်စေသောကြောင့် အလိုက်တသိပိတ်လိုက်ခြင်းဖြစ်ပြီးအတင်းအကျပ်ပိတ်ခိုင်းခြင်း မျိုးမရှိကြောင်းဦးထွန်းကဆိုသည်။

၎င်းက''တစ်ခြားနေရာတော့ မရှိပါဘူး။ ကျွန်တော်တို့က သူများနိုင်ငံမှာဆိုတော့ လူရာနဲ့ချီပြီး လက်ခံဖို့ကျတော့ နေရာက မလွယ်ဘူးလေ။ ကျွန်တော်တို့က အခုလောလောဆယ်တော့ နေရာရှာဖွေနေတာပေါ့။ စုရပ်သဘောမျိုးလောက်အတွက်ပေါ့” ဟု ပြောသည်။

သြဂုတ်လ ၄ ရက်နေ့မှ လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ရေးစာရင်းပေးထားသူ ၂ဝဝ နီးပါးရှိနေပြီဖြစ်ပြီး စုရပ်နေရာအသစ်တစ်ခုကို ရှာဖွေနေဆဲဖြစ်သည်။

ကိုဗစ်ကာလ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို  ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတာချီလိတ်မြို့ရှိ နယ်စပ်ဂိတ်များမှ ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။

မတ်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂ဝ ရက်နေ့အထိ မြဝတီနယ်စပ်ရှိ ထိုင်း-  မြန်မာ ချစ်ကြည်ရေးတံတားအမှတ်( ၂ )မှ ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းခြောက်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...