မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ရာခိုင်နှုန်းကျဆင်း

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ရာခိုင်နှုန်းကျဆင်း

နန်းဆိုင်ဖူး - ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။

“စီးပွားရေးတော့ အကုန်ကျသွားတယ်။ ၅၀ရာခိုင်နှုန်း လောက်ကျဆင်းသွားတယ်။ အရောင်းအဝယ်လည်း ပုံမှန်မဟုတ်ဘူး။ ကျဆင်းသွားတယ်။ ကျနော်တို့ ကုန်သည်သမားတွေတော့ ဝင်ငွေလျော့နည်းသွားတယ်” မူဆယ် (၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ်-၁၉ ကာလတွင် တရုတ်နိုင်ငံထဲသို့ သွားလာခွင့်မပြုသည့်အတွက် တရုတ်ကုန်သည် နှင့် မြန်မာ ကုန်သည်များ ပိုက်ဆံ ရှင်းသည့် အချိန်တွင် အခက်အခဲများ ကြုံတွေ့ရကြောင်း စိုင်းခင်မောင် က ထပ်လောင်းပြောသည်။

“၁၀၅ မိုင်ကနေ ကားတန်းစီရတာ ၆ မိုင်လောက် တန်းစီနေရတယ်။ ကုန်တွေ ပို့ဖို့အတွက် ၁ ပတ်လောက်စောင့်ရတယ်။ အရမ်းခက်ခဲတယ်” စိုင်းခင်မောင် ကပြောသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်သို့ ပို့ကုန် သွင်းကုန် ပြုလုပ်ချိန်တွင် မြန်မာနိုင်ငံက ကားသမားသည် တရုတ်နိုင်ငံထဲဝင်ခွင့်မရရှိဘဲ တရုတ်ဘက်မှ ကားသမားများသာ လာရောက် မောင်းဝင်သွားကြောင်း သိရသည်။

“ ကိုဗစ် နဲ့ ပတ်သက်ပြီး အားလုံး ကန့်သတ်လိုက်တာက လိုတာထက် ပိုတာပေါ့လေ။ မြန်မြန် ပြန်ဖွင့်ရင် အရောင်းအဝယ်တွေလည်း ပုံမှန်ပြန်ဖြစ်သွားမယ်” ဟု စိုင်းခင်မောင် ကဆိုသည်။

တဖက်မှာလည်း ကိုဗစ် -၁၉ ကာလတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် စီးပွားရေး နှင့် ထိခိုက်မှု အခြေအနေအရ မြန်မာနိုင်ငံ အနေဖြင့် အဆိုးထဲက အကောင်းရှိတာတွေ ရှိကြောင်း လည်း သျှမ်းပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန့်လွင် က ( သြဂုတ် ၁၇) ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဧပြီနောက်ပိုင်းမှာတော့ ကျနော်တို့ နယ်စပ် ကုန်သွယ်ရေးရဲ့ နေ့စဉ်ဝင်တဲ့ ဒေါ်လာ ၆ သန်းကျော်ကျော်ရှိပါတယ်။ သို့သော်လည်းပဲ ဒီကိုဗစ်ကာလရဲ့ ကာလတစ်လျှောက်လုံးမှာ မူဆယ်ရဲ့ နယ်စပ် ကုန်သွယ်ရေး အရ အမေရိကန် ဒေါ်လာ ၁၀ သန်းပတ်ဝန်းကျင် နေ့စဉ် ပုံမှန် စီးနေပါတယ်။ ပုံမှန် နယ်စပ်ကုန်သွယ်ရေးထက်တောင် တက်လာတယ်လို့ ပြောလို့ရတယ်” ဟု ဝန်ကြီး ဦးစိုးညွှန့်လွင် ကပြောသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ဝင်၊ထွက် ဂိတ်များတွင် ကုန်ပစ္စည်းစီးဆင်းမှု သာဖွင့်လှစ်ပေးခဲ့ပြီး၊ လူဝင်၊ လူထွက် များကို ဧပြီလနှောင်းပိုင်းက စတင်ပြီး ပိတ်လိုက်ကြောင်းသိရသည်။

ကမ္ဘာတဝှမ်းတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် စီးပွားရေး ကျဆင်းသလို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...