၂၁ ပင်လုံသို့ တက်ရောက်မည် မဟုတ်ကြောင်း KNPP ပြော

၂၁ ပင်လုံသို့ တက်ရောက်မည် မဟုတ်ကြောင်း KNPP ပြော

မော်ဦးမြာ -သြဂုတ်လ တတိယပတ်မှာ ကျင်းပမဲ့ စတုတ္ထအကြိမ် ၂၁ ပင်လုံညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ကျနော်တို့ကို ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးပါဆိုပြီးတော့ ရေးထားတယ်။ အဓိက အဲ့အချက်ကြောင့်လည်း ကျနော်တို့က မတက်တာ။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

KNPP အနေနဲ့ ဖိတ်ကြားခြင်းခံရပေမဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးဖို့ ရေးသားထားတဲ့အပြင် အနည်းဆုံးအတွင်းရေးမှူးနှင့်အထက် တက်ရောက်ပေးဖို့ ရေးသားထားတဲ့အတွက် အတွင်းရေးမှူးနဲ့ ဥက္ကဌကိုသာ ဖိတ်ကြားတဲ့သဘော ဖြစ်တယ်လို့ ဦးရွှေမျိုးသန့်က ဆက်ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ ၂၁ ပင်လုံကို မတက်ရောက်ခြင်းအားဖြင့် ကရင်နီ (ကယား) ပြည်နယ် အတွက် ထူခြားမှု တစုံတရာ ရှိလာမှာ မဟုတ်ဘူးလို့ ကရင်နီ( ကယား) ပြည်နယ် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူ ဦးမာတီးယာက ပြောပါတယ်။

“ အရင်တုန်းက KNPP တက်တယ် ဆိုတာက သွားပြီးတော့ လေ့လာသူတွေ အနေနဲ့ပဲ တက်ခဲ့ကြတယ်ဆိုတော့ သွားခြင်း၊ မသွားခြင်းက ဘာမှလည်း ထူးခြားလာမှာ မဟုတ်ဘူးပေါ့နော။ ဆိုတော့ ဒီလမ်းကြောင်းက တရားဝင် NCA ထိုးပြီးမှပဲ ပါဝင်ရမယ်။ ဒေသခံအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ပြီးမှပဲ ပါရမယ်။ သူတို့ရဲ့ FRAME က အဲ့လိုမျိုး တည်ထားတာ ဖြစ်တယ်ပေါ့နော။ ဆိုတော့ အရင် သွားခဲ့တဲ့ဟာပဲ ဖြစ်ဖြစ် အခု တက်ခြင်း၊ မတက်ခြင်းက ကရင်နီပြည်ရဲ့ တိုင်းရင်းသား အရေး ဖက်ဒရယ်အရေး ဘယ်လောက် အားကောင်းမလဲဆိုတာကတော့ ထူးခြားလာမှာ မဟုတ်ဘူးပေါ့နော။” လို့ ဦးမာတီးယာက ပြောပါတယ်။

KNPP အနေနဲ့ ရှေ့ဆက်သွားရမယ့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စတွေမှာ အစိုးရနဲ့ ချိတ်ဆက် လုပ်ဆောင်ရမဲ့ အနေအထားကို အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တွေမှာ တိတိကျကျ ခိုင်ခိုင်မာမာ ချထားပြီးသား ဖြစ်တဲ့အတွက် ၂၁ ပင်လုံကို မတက်တာဖြစ်တယ်လို့ သုံးသပ်မိကြောင်း ဦးမာတီးယာက ဆက်ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလို့သာ ခေါင်းစဉ်တည်ထားပေမဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်များက ပြည်ထောင်စု လုပ်ဆောင်ချက်များ မဟုတ်ကြောင်းနဲ့ တခြားသော တိုင်းရင်းသားတွေရဲ့ ဝေဖန်ထောက်ပြချက်တွေကိုလည်း အစိုးရအနေနဲ့ လက်ခံခြင်းမရှိကြောင်း ဦးရွှေမျိုးသန့်က ဆက်ပြောပါတယ်။

“ သူတို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလို့ ခေါင်းစဉ်တပ်ပြီးတော့ ပြည်ထောင်စု သဘောတူညီချက်ဆိုတာ အားလုံး စုံရမယ်လေ။ ပြည်ထောင်စု သဘောတူညီချက် ပြောပြီးတော့ ၆ ဖွဲ့ပဲ လုပ်တယ်ပေါ့နော။ ဆိုတော့ ပြည်နယ်အရပဲ ဖြစ်ဖြစ် တခြား တိုင်းရင်းသား အရပဲဖြစ်ဖြစ် မစုံဘူးပေါ့နော။ မစုံပဲနဲ့ အဲ့ဒါကို သဘောတူညီချက် လုပ်ထားရင် မပါလိုက်ရတဲ့ သူတွေက မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်။ အဲ့တော့ ဒီပဠိပက္ခမှာ ပါဝင်သက်ဆိုင်တဲ့သူတွေ အားလုံး ပါဝင် ညှိနှိုင်းပြီးတော့မှ ကြေကြေလည်လည်ဆွေးနွေးပြီးတော့မှ သဘောတူညီချက်လုပ်ပါလို့ ကျတော်တို့က တောက်လျောက် ထောက်ပြခဲ့တယ်။ ဒါပေမဲ့လည်း ဖြစ်မလာဘူး။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

စတုတ္ထ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို လာမဲ့ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အစိုးရက KNPP အ ပါအဝင် NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ကို ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကိုတော့ မဖိတ်ဘူးလို့ သိရပါတယ်။

KNPP ဟာ ၂၀၁၆ ခုနှစ် သြဂုတ်ကကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ရာစုပင်လုံညီလာခံနဲ့ ၂၀၁၈ ဇူလိုင်လက ကျင်းပခဲ့တဲ့ တတိယအကြိမ် ညီလာခံကို လေ့လာသူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

Most read this week

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...