နေရပ်စွန့်ခွာစခန်း(IDP Camp)တွေက အိမ်ထောင်စုတွေကို အစိုးရက ထောက်ပံ့ပေးဖို့စီစဉ်နေ

နေရပ်စွန့်ခွာစခန်း(IDP Camp)တွေက အိမ်ထောင်စုတွေကို အစိုးရက ထောက်ပံ့ပေးဖို့စီစဉ်နေ

တစ်နိုင်ငံလုံးမှာရှိတဲ့နေရပ်စွန့်ခွာစခန်း (IDP Camp) က အိမ်ထောင်စုတွေကို လာမယ့်အောက်တိုဘာလထဲမှာ တစ်အိမ်ထောင်ကို ကျပ် ၆၅၀၀၀ စီထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနထံကနေ သိရပါတယ်။

သြဂုတ်လ ၁၁ရက်နေ့က နေပြည်တော်ရှိ Park Royal ဟော်တယ်မှာပြုလုပ်ခဲ့တဲ့ Covid ကာလ ကိုယ်ဝန်ဆောင်မိခင်တွေကို ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို အသိပေးမိတ်ဆက်တဲ့အခမ်းအနားမှာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောခဲ့တာပါ။

“လက်ရှိ MCCT နဲ့ ဆိုရှယ်ဖန်ရှင်ပေါ့နော် ပေးတဲ့အပိုင်းမှာဆိုလို့ရှိရင် Lift Fund ကနေပြီးတော့ စုစုပေါင်း ၁၃.၂၅၅ ဘီလီယံကျပ် ထောက်ပံ့ဖို့ဆိုပြီးတော့  Lift Fund အကူအညီကိုရရှိထားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုလည်း ကျွန်တော်တို့က အကျိုးခံစားခွင့်မှာပါရှိတဲ့သူတွေကိုထောက်ပံ့ ပေးပြီးဖြစ်ပါတယ်။ ကျန်နေတဲ့ IDP CAMP အားလုံးကို ခုနကပြောတဲ့ထဲမှာ ကျန်နေတဲ့ အိမ်ထောင်စုတွေရယ် နောက်တစ်ခါ မသန်စွမ်းသူတွေရယ် ကျွန်တော်တို့ ထောက်ပံ့ဖို့ကျန်ပါတယ်။ အဲ့တာတော့ ကျွန်တော်တို့ Household ပေါ့နော် အိမ်ထောင်စုတွေ ထောက်ပံ့ဖို့လျာထားတာဆိုရင် ကျွန်တော်တို့ ဒီ Lift Fund ကနေပြီးတော့ ၄.၁၅၃ ဘီလီယံကျပ် လျာထား တယ်။ မသန်စွမ်းသူတွေအတွက်ကတော့ ၃.၂၄၈ ဘီလီယံကျပ် ထောက်ပံ့ဖို့ဆိုပြီးတော့ အစီအစဉ်လျာထားတာဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒီလိုထောက်ပံ့ပေးဖို့ကိုတော့ နိုင်ငံပေါင်းစုံက အလှူရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံးရေးအဖွဲ့ (Lift Fund) ရဲ့ အကူအညီနဲ့လုပ်ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒီထောက်ပံ့မယ့် အစီအစဉ်မှာတော့ IDP စခန်းတွေမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၅၇၀၀၀လောက်ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားပြီး အမှန်တကယ်ထောက်ပံ့ဖို့လိုအပ်တဲ့ အိမ်ထောင်စုတွေ အားလုံးရရှိရမယ်လို့ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP) Plan အရ အသက် ၈၀ ကနေ ၈၄ နှစ်အထိ သက်ကြီးရွယ်အိုတွေကို ကျပ်သုံးသောင်းနှုန်းနဲ့ လူမှုရေးပင်စင်ထောက်ပံ့ပေးသွား မယ်လို့ သူကဆက်ပြောပါတယ်။

“ပထမဦးဆုံး ၈၀ပြည့်ပြီး ၈၅ မပြည့်သေးတဲ့သက်ကြီးရွယ်အိုစာရင်းကအဲ့တာကလည်းကျွန်တော်တို့ဆီကို ၁၄ရက်နေ့မှာစာရင်းတွေရောက်မယ်။ ပြည်နယ်တိုင်းတွေက စိစစ်ပြီးတော့ ဒီအသေးစိတ်ထွက်လာမှာပေါ့။ ဒီအစီအစဉ်ကိုပဲ ပရိုဂျက်လုပ်ထားတယ်။ ဒီခန့်မှန်းတွက်ချက်မှုအရ နှစ်သိန်း ခုနစ်သောင်း ဒီအစီအစဉ်မှာ ဝင်တယ်လို့ဝင်လာမယ်လို့ တကယ်အကျိုးခံစားခွင့်ရှိတဲ့ သက်ကြီးရွယ်အိုဝင်လာမယ်လို့ ခန့်မှန်းထားတယ်။ ဒါကလည်းခန့်မှန်းချက် တကယ်စိစစ်ပြီးတဲ့အခါကျတော့ အမှန်ဇယားကိုကျွန်တော်တို့ရလာမယ်။” လို့ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောပါတယ်။

လာမယ့် စက်တင်ဘာလအတွင်းမှာလည်း နိုင်ငံတော်ရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် တိုင်းဒေသကြီးပြည်နယ်  ၉ခုက ကိုယ်ဝန်ဆောင် ၄၅၀၀၀၀ ကျော်အတွက် တစ်ဦးကို ကျပ်သုံးသောင်းစီ ထောက်ပံ့ဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားဝန်ကြီးဌာနဘက်ကနေ စီစဉ်နေပါတယ်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...