တားမြစ်သည်ဖြစ်စေ ကရင့်အာဇာနည်နေ့ ကျင်းပမည်

တားမြစ်သည်ဖြစ်စေ ကရင့်အာဇာနည်နေ့ ကျင်းပမည်

သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရသည်ဖြစ် မရသည်ဖြစ်စေ ၇၀ ပြည့်နှစ် ကရင့် အာဇာနည်နေ့ကို ပြုလုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၀ ပြည့်နှစ် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရန်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အကြောင်းကြားစာအား သွားရောက်ပေးပို့ရာတွင် သက်ဆိုင်ရာ ရဲစခန်းမှ ပြုလုပ်ခွင့် မရှိကြောင်း ပြောဆိုလာသည့်အပေါ် ပွဲဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တွင် ပြုလုပ်မည့် နှစ် ၇၀ ပြည့် ကရင့် အာဇာနည်နေ့ ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ စသိန်းဇော်မင်း က “ကျနော်တို့က သူတို့ ဘယ်လိုပဲ တားတား သူတို့ ခွင့်မပြုတာ သူတို့အပိုင်း ကိုယ်ကတော့ အကြောင်း ကြားစာတင်ပြီးသွားပြီ။ ဒါပေမယ့် ကိုယ်ကတော့ ဆက်လုပ်မှာပဲ သူတို့ခွင့်မပြုလည်း လုပ်မှာပဲ ခွင့်ပြုလည်း လုပ်မှာပဲ။  အဲဒါကို သူတို့ သတ်မှတ်တဲ့ ကိုဗစ်ကာလနဲ့အညီ ကျနော်တို့ အဲဒါကို လုပ်မယ် အသံတွေ ဘာတွေ ထွက်တာ ဘာမှမပါဘူး အခမ်းအနား အစီအစဉ်တွေ ဘာမှ မပါဘူး။ ကျနော်တို့ အလေးပြုတာ အဲလောက်ပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အလေးပြု ကိုယ့်ဟာကို လွမ်းသူပန်းခွေတွေ ချပေါ့ အဲလောက်ပဲ” ဟု ပြောသည်။

သြဂုတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲ့စခန်းသို့ ကရင့်အာဇာနည်နေ့ ပြုလုပ်ရန် သွားရောက် အကြောင်းကြားစာပေးပို့ခဲ့ကြသည်ဟု ဆိုသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် DPW အဖွဲ့ခေါင်းဆောင် နော်အုန်းလှကလည်း “ဒါက တန်းတူညီမျှရေးကို သွားမယ်ဆိုရင် လုပ်ကို လုပ်ရမယ်လေ။ အဲဒီအတွက် လောလောဆယ်တော့ သူတို့က ဘာပြောလဲ အခါကျတော့ ခွင့်မပြုနိုင်ဘူး ခွင့်ပြုဖို့တင်တာ မဟုတ်ဘူး အကြောင်းကြားစာလာပို့တာ ပြီး  တော့ ကျရင် ဒီအပေါ်မှာလည်း မနှစ်ကလည်း ဒီလိုပဲ သူတို့တားဆီးတဲ့ အပေါ်မှာလည်း ဒါကတကယ်တမ်း ကျတော့ မဖြစ်သင့်တဲ့ဟာပေါ့နော။ အဲဒါနဲ့ တန်းတူညီမျှရေး မရှိတဲ့ ကိစ္စကတော့ လက်ခံစရာ မရှိဘူးပေါ့  နော်” ဟု ပြောသည်။

သို့သော် COVID-19 ကာလဖြစ်နေသည့်အတွက် ရဲစခန်းဖက်မှ ခွင့်မပြုနိုင်သည့် ပုံစံမျိုးပြောဆိုလာသည်ဟု စသိန်းဇော်မင်း က ပြောသည်။

“အဓိက တာဝန်ရှိတဲ့ ရဲက ရဲတပ်ဖွဲ့ကပေါ့ ကိုဗစ်ဖြစ်နေတဲ့ ကာလကျတော့ ခွင့်ပြုလို့တော့ မရဘူး။ ရဲမှူးမျိုး သက်ကိုလည်း သူလှမ်းမေးမယ်ပေါ့ ရဲမှူး မျိုးသက်ကိုလည်း သူလှမ်းမေးတယ်။ ရဲမှူးမျိုးသက်ကလည်း ခွင့် မပြုပါဘူးပေါ့။ ခွင့်မပြုဘူးဆိုတော့ သူတို့က ကရင်အာဇာနည်နေ့ လုပ်တာကို ခွင့်မပြုတာ ပြီးတော့ ကိုဗစ် အကြောင်းပြ တယ်ပေါ့။ ကိုဗစ်ကို အကြောင်းပြပြီး သူတို့ ခွင့်မပြုဘူး။”

အကြောင်းကြားစာ သွားရောက်ပေးပို့ပြီး အိမ်သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် ရဲစခန်းမှ ၎င်းတို့အား သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးရန်  ပြောဆိုလာသည်ဟု စသိန်းဇော်မင်းက ပြောသည်။

အကြောင်းကြားစာသွားရောက်ပေးပို့ရာတွင် စသိန်းဇော်မင်းနှင့် အတူလိုက်ပါခဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး အမျိုးသမီး ကွန်ရက် DPW မှ အထွေထွေအတွင်းရေးမှူး ကိုမင်းနေထူးကလည်း “ကျင်းပခွင့် မရှိ ဘူးလို့ သူက အဲလိုမျိုးပဲ ပြောတယ်။ ပြောတော့ ကိုဗစ်အလွန်ကာလမှာ ဒါတွေစဉ်းစားမယ် သူတို့က အဲလို မျိုးပြောတယ်ပေါ့နော်။ ကျနော်တို့က ပြောခဲ့တာက ရှေ့မှာလည်း အခမ်းအနားတွေ ကျင်းပသွားတယ်။ အဲဒီ လူတွေကတော့ ဘယ်လိုလဲ ဆိုတော့ သူတို့ဘာမှ မဖြေနိုင်ဘူး။ ကိုဗစ်ကြောင့်လို့လဲ သူတို့မပြောဘူး ကျနော်တို့ကို ကိုဗစ်ကြောင့် ဆိုတာမျိုးလည်း သူတို့မပြောလိုက်ဘူး။ ကိုဗစ်အလွန်ကာလမှ လာတင်အဲ့လို ပဲ ပြောတယ်” ဟု ပြောသည်။

ကရင့်အာဇာနည်နေ့ ကျင်းပသည့်အချိန်သည် ကိုဗစ်ကာလ ဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် အစိုးရ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြန်ထောင်စုကို သွားနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ခွဲခြားသည့် အပြုအမှုကို လုပ်ဆောင်ခြင်းမပြုရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူရေးကို ဖော် ဆောင် ရန်လိုအပ်ကြောင်း၊ ထို့သို့ လုပ်ဆောင်နိုင်မှသာ စစ်မှန်သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် နော်အုန်းလှ က ပြောသည်။

“ပြောချင်တာကတော့ တန်းတူညီမျှရေးကို သွားမယ်ဆိုရင် တိုင်းရင်းသားတွေ အခွင့်အရေးလည်း ဥပဒေအရ နိုင်ငံသား အခွင့်အရေးအရ ပေးကို ပေးရမှာ ဖြစ်တယ်။ မပေးခြင်းသည် မဟာ လူမျိုးကြီးဝါဒ သုံးစွဲတဲ့ အနေအထား ဖြစ်ပြီးတော့မှ တိုင်းရင်းသားတွေကျတော့ လုပ်ခွင့်မရှိဘူး။ ရှစ်လေးလုံး နှစ်ပတ်လည် မနေ့က ကပ်ရပ်ကလေး လုပ်သွားတာ ဘာမှ လာပြောခြင်း မရှိဘူး။ သူ့ဟာသူ လုပ်သွားကြတာပဲ ငြိမ်းစုစီ တင်တာ လား ကျမမသိဘူးပေါ့နော ဒါတွေက ရောဂါကာလမို့လို့ဆိုရင် ဘယ်သူ့မှ မလုပ်ချင်ရင် ဘယ်သူမှလည်း မလုပ်နဲ့ တခြားတိုင်းရင်းသားလည်း မလုပ်နဲ့ လက်ခံတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကျတော့ မလုပ်ရဘူး။ ရှစ်လေးလုံး နှစ်ပတ်လည်လုပ်တယ်။ ၁၉ ဇူလိုင်လုပ်တယ်။ အဲဒါကျတော့ မမျှတဘူးလို့ အန်တီမြင်တယ်လေ။ မဖြစ်သင့်ဘူးပေါ့နော်။”

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည်နေ့ ကျင်းပရာတွင် တားမြစ်ထားသည့် ကရင့်အာဇာနည်ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည့်အတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ DPW အဖွဲ့ ခေါင်းဆောင် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦး ဖြစ် သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့ နယ် ရဲမှူးက တရားစွဲဆို ခဲ့သည်။

၎င်းတို့ ၃ ဦး၏ အမှုကို အောက်တိုဘာလ ၂ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅ ရက်စီကျခံရန် အမိန့်ချခဲ့သည်။

သို့သော် ၎င်းတို့ ၃ ဦးအား ချုပ်ရက် ခံစားခွင့်များ ထုတ်နုတ်ခံစားခွင့်ပြုကာ စတင်ဖမ်းဆီးစဉ်က အာမခံ မယူပဲ ထောင်အချုပ်ဖြင့် ရင်ဆိုင်ခဲ့သည့်အတွက် အောက်တိုဘာလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်  လာခဲ့ကြသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...