ဖားကန့်ရေကြီး

ဖားကန့်ရေကြီး

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ရပ်ကွက် (၅) ခုထက် မနည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည် ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းက လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ငှက်ပျောတော စသည့်နေရာများတွင် သြဂုတ်လ ၁၀ ရက်နေ့ တွင် ရေကြီးရေလျှံမှုများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်အခြေဆိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးနောင်လတ် က “ရေကြီး ပါတယ်။ ရေကြီးတာကတော့ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ နမ့်တိန်းပေါ့ အဲ့ဒီဘက်တွေမှာ ကြီးတာ ပါ။ နှစ်တိုင်းပါပဲ ကျနော်တို့ ဖားကန့်မှက ရေကြီးတာလေ။ တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်တော့ ကြီး တယ်။ မိုးကြီးရင် ကြီးသလိုပေါ့ ရေကြီးရေလျှံဖြစ်နေကြပါ” ဟု ပြောသည်။

ဖားကန့်ဒေသအတွင်း ယခုရက်ပိုင်း မိုးများ ဆက်တိုက်ရွာသွန်းနေသည်မှာ ၃ ရက် ခန့် ရှိပြီဖြစ်ပြီး ယနေ့ နံနက် ပိုင်းအချိန်ခန့်မှ စတင်ပြီး ရေကြီးလာခဲ့ခြင်းဖြစ်သည်ဟု ဦးနောင်လတ် က ပြောသည်။

“လုံးခင်းမှာဆိုရင် ရပ်ကွက်လေးပေါ့၊ ဥရုချောင်းနဲ့ နီးနေတယ်။ ပြီးရင် ဖားကန့်ဆိုရင် ငှက်ပျောတောပေါ့။ ပြီးရင် ဆိုင်းတောင်ဆိုရင် ဝှေ့ခါနဲ့ ဒီဝှေ့ခါချောင်းနဲ့ နီးတဲ့အခါကြတော့ ဒီအောက်ပိုင်းတို့ ပေါ့၊ မြေနိမ့်ပိုင်းတွေဆို ရေက ကြီးပြီလေ။ ဒီရက်ပိုင်းက မိုးကလည်းကြီးတယ်။ သုံးလေးရက်ရှိပြီ မိုးရွာနေတာ။ အဓိကတော့ လုံးခင်းတို့၊ ဖား ကန့်တို့မှာ မိုးရွာရင် ရေကြီးလေ့တော့ မရှိဘူး။ ဥရုချောင်းအထက်ပိုင်း၊ ကန်စင်းအထက်ဘက် မိုးရွာပြီဆိုရင် စိုးရိမ်ရတဲ့အနေအထားမျိုး ရှိတာပေါ့။”

အလားတူ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင်လည်း ရေကြီးရေလျှံနေသည့်အတွက် ခရီးသွားကားများ ရာနှင့်ချီ လမ်းတွင် ပိတ်မိနေသည်ဟု သိရသည်။

ဖားကန့်သို့သွားသည့် ခရီးသည် ဦးအာဆီး က “ဒီနေ့ မနက်ကတည်းကသွားတာ အခုထိ လမ်းမှာပဲ ရှိသေး တယ်။ ဖားကန့်ကို မရောက်သေးဘူး။ နမ့်တိန်းချောင်းလည်း ရေကြီးနေတော့ ကားတွေက လမ်းမှာ ပိတ်နေ တယ်။ ကားတန်းကြီးဆို အရှည်ကြီးပဲ။ တော်တော်များတယ်။ ကားက ရာနဲ့ချီရှိမယ်။ ကားက အနိမ့်တွေ၊ ကား အသေးတွေ ဆိုရင် ဖြတ်လို့တောင် မရဘူး။ ကားနည်းနည်းမြင့်မှပဲ သွားလို့ရတယ်။ ဖားကန့်သွားတဲ့လူရော၊ ဖားကန့်ကနေ မြစ်ကြီးနားကိုပြန်လာတဲ့ကားတွေရောပေါ့ လမ်းမှာ ပိတ်မိနေတယ်” ဟု ပြောသည်။

ဥရုချောင်းရေလျံမှုကြောင့် ဖားကန့်မြို့အတွင်းက ရပ်ကွက်များအတွင်းရှိ  လမ်းများပေါ်နှင့် လူနေအိမ်များထဲ အထိ ရေဝင်ရောက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ဖားကန့် ကျောက်ဝိုင်းမှာလည်း ရေပြည့်နေပြီ၊ ဟိုငှက်ပျောတော၊ အေဝမ်း၊ ရွှေကြောင် အဲ့ဒီနေရာတွေ လည်း ရေကြီးနေပြီ၊ ရေတွေရောက်နေပြီ။ တံတားတောင်ရေရောက်နေပြီ။ ရတနာမြေမှာပေါ့ နှစ်တိုင်းရေကြီးနေတာ။ ဖားကန့် ဒီဥရုချောင်းဆိုရင် အခုနောက်ပိုင်း ချောင်းသန့်ရှင်းရေးတွေ လုပ်တာရှိတယ်။ ဒါပေမယ့် ကုမ္ပဏီတွေက စည်းကမ်းမလိုက်နာကြဘူး။ မြေစာတွေ ဥရုချောင်းထဲကို ပစ်ကြလို့ ဖြစ်တာပါ။ လုပ်ကွက်ယူ ပြီးရင် ဥရုချောင်း ထဲ ပစ်ထည့် အဲ့ဒါကြောင့်ပါ” ဟု ဖားကန့်ဒေသခံ ကိုဒီးရမ် က ပြောသည်။

ကျောက်တူးဖော်သည့်ကုမ္ပဏီများက စည်းမဲ့ကမ်းမဲ့ ကျောက်တူးဖော်ခြင်း၊ မြေစာများအား သတ်မှတ်ထား သည့် နေရာများတွင် မစွန့်ပစ်ပဲ ဥရုချောင်းအတွင်း ထည့်ခြင်းများ ဆယ်စု နှစ်ခု ကျော်အကြာ လုပ်ကိုင်ခဲ့သည့် အတွက် ယခုခါ ဒေသခံများ သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ပြောသည်။

“အဓိကတော့ ၉၀ အလွန်ကတော့ ကြီးတာတွေ သိပ်မရှိခဲ့ဘူး။ ကုမ္ပဏီတွေ ဝင်လာပြီးနောက်ပိုင်းမှ စဖြစ်တာ။ မြေစာတွေ ပရမ်းပတာပစ်တာတွေ၊ အလွန်အကျွံတူးတာတွေကြောင့် ဖြစ်လာတာ။ နည်းနည်းမိုးရွာတာနဲ့ ဥရု  ချောင်းကလည်း ရေကြောင်းတွေပျက်ပြီး အခုလို ရေကြီးတာတွေ ခပ်စိပ်စိပ်တွေ့လာရတာပေါ့။ အဲ့လိုပါပဲ။  နောက်ပြီး အခုဒီ နမ့်တိန်းချောင်းကတော့ တောင်ကျချောင်းရေကြောင့် ကြီးတာပေါ့။  ရေကျတာလည်း  မြန် တယ်။ ရေကြီးတာလည်း မြန်တယ်” ဟု ဦးနောင်လတ် က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ရပ်ကွက် ၅ ခုကျော်ခန့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ယခုခါ ဒေသခံများအနေဖြင့် အခြေအနေများအား စောင့်ကြည့်နေကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပေါ်နေသည့် ရေကြီးရေလျံှမှုများနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှု၊ မြေပြိုမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မကြားသိရသေးသလို၊ ဒေသခံများ အခြားနေရာများသို့ ပြောင်းရွှေ့ ခြင်းများလည်း မရှိသေးဘူးဟု သိရသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...