ရှမ်းမြောက် ပေါက်ကွဲမှုကြောင့် ကလေး တစ်ဦးသေ၊ ကလေး ငါးဦး ဒဏ်ရာရ

ရှမ်းမြောက် ပေါက်ကွဲမှုကြောင့် ကလေး တစ်ဦးသေ၊ ကလေး ငါးဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ကလေး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရသူကလေးများအနက် ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် အရေးအပေါ် ခွဲစိတ်လိုက်ရသည်ဟု သိရ သည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သေတဲ့တစ်ယောက်ကတော့ မိုင်းထိတာနဲ့ကို အခြေအနေက လုံးဝ မကောင်းတော့ဘူး။ အသက်တောင် ကောင်းကောင်းမရှူတော့တာ။ အဲ့ဒါကြောင့် လားရှိုးဆေးရုံ ကို   မခေါ် ခဲ့တော့ဘူး။ ကွတ်ခိုင်ဆေးရုံမှာပဲ ဆုံးတယ်။ ပြီးတော့ သေသွားတဲ့ တစ်ယောက်ကတော့ မိန်းကလေး” ဟု  ပြောသည်။

ကျန်ရှိသည့် ကလေး ၅ ဦးထဲမှ ၃ ဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပိုဆောင်ခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့နံနက်တွင် အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်းဝင်လိုက်ရသည်ဟု ဆို  သည်။

အရေးပေါ် ခွဲစိတ်ခန်းဝင်လိုက်ရသည့် ကလေး ၃ ဦး၏ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ အမည် မဖော် လိုသူ ဒေသခံက ယခုကဲ့သို့ ဆက်ပြောသည်။

“ခြေထောက် အရမ်းပြင်းထန်လို့ မနက် ၉ နာရီ ကျော်ကျော်လောက်မှာ တစ်ယောက်ခွဲစိတ်လိုက် ရတယ်။  နောက်နှစ်ယောက် နေ့လည်လောက်မှာ ခွဲစိတ်ခန်းဝင်ရတယ်။ ကလေးတွေက သွေး အထွက်လွန် သွားတယ်။ ကလေးတွေက ဆေးရုံရောက်တော့လည်း အရမ်းနာတော့ ငိုပဲငိုနေကြတယ်။ တစ်ယောက်  က ခေါင်းထိ တယ်။ ငယ်ထိပ်ကို ထိသွားတယ်  ခေါင်းနောက်ပိုင်းလည်းထိသွားတယ်။ နောက်တစ်  ယောက်က ခြေထောက် ထိတယ်။ ခြေထောက်က အရိုးတွေတောင် ပေါ်နေတယ်။ ပေါက်သွားတာပေါ့  နော်။ တစ်ယောက်က ဘယ်ဘက် တခြမ်းလုံးမှာ အကုန်ထိသွားတယ်။ ချိုင်းအောက်ကနေ အကုန် ထိ သွားတယ်။ မျက်နှာတွေမှာလည်း မိုင်းစတွေ မှန်ကုန်တယ်။ လားရှိုးဆေးရုံမှာပဲ။”

အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်းဝင်လိုက်ရသည့် ကလေးများမှာ ကျော်ထွန်း အသက် ၇ နှစ်၊  အေးလောဝ် အသက် ၈ နှစ် နှင့် အောင်နိုင် အသက် ၅ နှစ် တို့ဖြစ်ပြီး၊ ကိန်ခမ်း အသက် ၅ နှစ်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးသွားသည်ဟု ဆိုသည်။

ဒဏ်ရာ ပြင်းထန်မှု မရှိသည့်ကိန် အသက် ၄ နှစ် နှင့် အီလောဝ် အသက် ၂  နှစ် တို့ ၂ ဦး မှာ ခိုတင်ကျေးရွာတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ကလေးတစ်ဦး၏ အဖွားဖြစ်သူ ဒေါ်ညွန့်က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အစက အဖွားခြံသွားတာ မိုင်းပေါက်ကွဲတာကတော့ လေးနာရီ လောက်ဖြစ်တယ်။ ကလေးတွေက ဘယ် မှာ သွားကောက်လာလည်းမသိဘူး။ ကောက်လာပြီးမှဆော့ ကစားကြတယ်။ အဖွားတောင် သိပ်မကြည့် ရဲဘူး။ သွေးတွေကြီးပဲ ရှိတာက ၇ ယောက် ထိတာကျတော့ ၆ ယောက် ထိတယ်။ မိုင်းပေါက်ကွဲတဲ့ အိမ်က အဖွားအိမ်မှာ အိမ်သာ သွားတဲ့လမ်း ရေတွင်းနား ဖြစ်တယ်။”

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေကြသည့် ပြည်သူများမှာ မိုင်းမကြာ ခဏ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရကာ အသက်သေဆုံးနေကြရသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်များတွင် မြေမြုပ်မိုင်းများမထောင်ထား ကြရန် ဒေသခံ များနှင့် လူမှုအသင်းအဖွဲ့များက တောင်းဆိုသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) အထွေထွေ တွဲဖက်အတွင်းရေမှုး (၁) လွေးပိုးဂျေ က “အဓိက မိုင်းအသုံးမပြုတဲ့ လက်နက်ကိုင်အဖွဲ့တော့ မရှိပါဘူး။ ဒါပေမယ် အသုံးပြုတဲ့နေရာမှာ မှားယွင်းမှု  တွေနဲ့တွေ့ရတယ်။ မနေ့ ညက ဖြစ်သွားတဲ့ကိစ္စလည်း အိမ်မှာပေါက်ကွဲသွားတာမျိုးဆို ဒါလုံး၀ မဖြစ်သင့် ဘူး” ဟု ပြောသည်။

“မိုင်းပေါက်ကွဲမှုနဲ့ပတ်သတ်ရင် နေအိမ်တွေထိတာ လမ်းမကြီးတွေမှာထိတာတွေ ဒါက ပြည်သူလူထုတွေ ကို ရည်ရွယ်ပြီး ထောင်ထားတဲ့မိုင်းလို့ ကျမယူဆတယ်။ အမှန်တကယ်ကတော့ ဒါလုံး၀ မဖြစ်သင့်တဲ့ အရာ ဖြစ်တယ်။ ပြည်သူလူထုတွေကို လှုပ်ရှားနေတဲ့နေရာတွေ မိုင်းထောင်ထားတာ ဒါသူတို့အတွက် အသက် အန္တာရာယ်ရှိတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့ ဖြစ်ဖြစ် ကျေးရွာတွေ ကျေးရွာပတ်ဝန်းကျင်တွေ နေရာတွေမှာ မိုင်းထောင်ထားရင်တောင် ပြည်သူတွေကို အဲဒီနေရာတွေမသွားဖို့ ပြောပြရမှာ” ဟု လွေးပိုး  ဂျေ က ဆက်ပြောသည်။

ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက တပ်မတော်သားများ လာရောက် တည်းခိုသွားခဲ့သည့် နေအိမ်ဖြစ်ပြီး ထိုတည်းခိုမှုအတွင်း တစ်ညလုံးနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယခုပေါက်ကွဲမှုအပြင် ဇူလိုင်လ ၈ ရက်နေ့က ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ကျေးရွာတွင်တစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်နေ့က မိုင်းယုလေးကျေးရွာတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ပါနင် ကျေးရွာတွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး သေ ဆုံးခဲ့သည် ဟု သိရသည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှုများအတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုအားလုံး ၆၄ ရာခိုင်နှုန်းရှိခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် ၅၃ ရာခိုင်နှုန်းရှိခဲ့သည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...