ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သည့် မြန်မာအမျိုးသမီး ဒေါ်တင်တင်စိန် ကွယ်လွန်

ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သည့် မြန်မာအမျိုးသမီး ဒေါ်တင်တင်စိန် ကွယ်လွန်

ကမ္ဘာလှည့်တင်တင်စိန်ဟု မြန်မာမှာသာမက ကမ္ဘာမှာပါ လူသိများခဲ့သည့် ဒေါ်တင်တင်စိန်(ခ) ဆရာလေး ဒေါ်ဓမ္မနန္ဒသည် ဇူလိုင်လ ၂၉ ရက်နေ့ညက  ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သည်။

“မနေ့ညနေ ၈ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်က သုခကမ္ဘာဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆုံးပါတယ်။ အထူးကြပ်မတ်ဆောင်မှာတက်နေရတာကတော့ ခုနစ်ရက်လောက်ရှိပြီ။ သွေးဝမ်းသွားသလိုရှိလို့ ဆေးရုံပြန် တက်ရင်း သက်သာခါစရှိတဲ့အချိန်မှာပဲ အခုလို ရုတ်တရက်ဆုံးသွားတာပါ” ဟု ဒေါ်တင်တင်စိန်၏ မြေးသမက်တော်စပ်သူ ဦးစံသာအောင်က  ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်ခန့်က ပုဂံမြို့သစ်ရှိ ၎င်းနေထိုင်ရာ မြတ်ပုဂံဟိုတယ်ကို ရောင်းချရန် လေလံတင်ထားခဲ့ပြီးနောက် ဆရာလေးဒေါ်ဓမ္မနန္ဒဘွဲ့ဖြင့် သာသနာဘောင်ဝင်သွားခဲ့သည်။

ဒေါ်တင်တင်စိန်(ခ) ဆရာလေးဒေါ်ဓမ္မနန္ဒသည် မြင်းခြံမြို့ရှိ ရှောက်ပင်တောရဝိပဿနာစခန်းတွင် နေထိုင်တရားအားထုတ်ရင်း နေထိုင်မကောင်းသည့်အတွက် ပြီးခဲ့သည့်ဇွန်လခန့်က ရန်ကုန်တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ကျန်ရစ်ခဲ့သော ရုပ်ခန္ဓာကိုယ်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း မြေးသမက်တော်စပ်သူ ဦးစံသာအောင်က ပြောသည်။

“အဖွားကတော့ မဆုံးခင်ကတည်းက သူ့ခန္ဓာကိုယ်ကို လှူဖို့ ဆန္ဒရှိတာ ကျွန်တော်တို့ သိရတော့ အခုလှူဖို့ ဆေးတက္ကသိုလ် ၁ နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ အဖွားရဲ့ ခန္ဓာကိုယ်ကလည်း ဆေးသုတေသနလုပ်မယ်ဆို လုပ်လို့ရပါတယ်။ ကျန်တဲ့ နာရေးကိစ္စကို ကျွန်တော်တို့ ဆက်စီစဉ်သွားမှာပါ” ဟု ပြောသည်။

သစ်တောအရေးပိုင်ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံနှစ်ဦးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝ ကျော်(၁၉၅၅ခုနှစ်)က ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ ကျော်ကို ဒုတိယကမ္ဘာစစ်လက်ကျန် BSA ဆိုင်ကယ်တစ်စီးနှင့် ကမ္ဘာလှည့် ခဲ့ကြပြီး အာရှတိုက်၏ ပထမဆုံးစွန့်စားဝင့်သူများဆိုပြီး အိန္ဒိယနိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်က ဆုတံဆိပ်များချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရသည်။

ခင်ပွန်းသည်ဦးဘတုတ် ကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း အဖွားဒေါ်တင်တင်စိန်သည် ကမ္ဘာပတ်သာသနာပြုခြင်း၊ တရားစခန်းများဖွင့်ခြင်း၊ နိုင်ငံတကာမှ စိတ်ပါဝင်စားသူများကို တရားနည်းလမ်းပြခြင်းများ ဆောင်ရွက်ခဲ့ သည့်အတွက် မဟာသဓမ္မဇောတိကတဇဘွဲ့ကိုလည်း နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံမှ ပထမဆုံး ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သည့် အမျိုးသမီး ဒေါ်တင်တင်စိန်၏ ကမ္ဘာလှည့်မှတ်တမ်းမှတ်ရာ၊ အမှတ်တရများကို သေဆုံးသူ၏ ဆန္ဒအတိုင်း ပုဂံမြို့သစ်ရှိ မြတ်ပုဂံဟိုတယ်တွင် ပြခန်းအဖြစ်ထားရှိရန် ကျန်ရစ်သူမိသားစုက စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...