အမ်းမြို့စစ်ဘေးရှောင်စခန်း နှစ်ခု ကို ကလေးငယ်များပညာသင်ရေးနေရာအဖြစ် ပြင်ဆင်သွားမည်

အမ်းမြို့စစ်ဘေးရှောင်စခန်း နှစ်ခု ကို ကလေးငယ်များပညာသင်ရေးနေရာအဖြစ် ပြင်ဆင်သွားမည်

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခုတွင် ရှိနေသည့် စစ်ဘေးရှောင်စခန်းနေ မိသားစုဝင်များကို စခန်းမှာရွေ့ပြောင်းစေပြီး အဆိုပါ စခန်းနေရာ ကို ကျောင်းနေအရွယ် ကလေးငယ် စုစုပေါင်း ၅၄၂ ဦးကျော်တို့အတွက် ပညာသင်ကြားရေးစခန်းအဖြင့် ပြန်လည် အသုံးပြုသွားမည် ဟု သိရသည်။

 “ကျောင်းနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနဲ့တိုင်ပတ်ဆွေးနွေးထားပါတယ်။ ပိတ်ထားတဲ့ကျောင်းက ဆရာ၊ဆရာမတွေ သင်ကြားသွားဖို့ဆိုတာကိုဆွေးနွေးပါတယ်။သင်ကြားမဲ့နေရာက မိုးလုံလေလုံ အားကစားခန်းမထဲက စစ်ဘေးရှောင်မိသားစုဝင်တွေကို  အိမ်ရအောင်ကြိုးစား ဆောင်ရွက် နေပါတယ်။ အိမ်ထောင်စုတွေမရှိတော့ဘူး ဆိုရင်စာသင်ကျောင်းအဖြင့်လုပ်ပါမယ်။ စာသင်ကျောင်းလုပ်ပြီးတော့ အခန်းတွေခွဲကြည့်တဲ့အခါ KGအတန်းကနေ ငါးတန်းအထိ သင်လို့ရပါတယ်။ ကျန်တဲ့အတန်းတွေကြတော့ အမှတ်လေးရပ်ကွက် ၊ အမှတ်ငါးရပ်ကွက် ၊ အမှတ်သုံးရပ်ကွက် က အ.ထ.က စာသင်ကျောင်းတွေမှာခွဲပြီး ကျောင်းဖွင့်တာနဲ့အပ်ဖို့စီစဉ်ထားပါတယ် “ ဟု အမှတ် ၂ စစ်ဘေးရှောင်စခန်းမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

စစ်ဘေးရှောင်စခန်းနှစ်ခုတွင်ရှိသည့်  အိမ်ထောင်စုပေါင်း ၃၃၈  အတွက် ယင်းနေရာအနီးနားတွင်မိသားစု တစ်စုအလိုက် လူနေအိမ် ဆောက်လုပ်ပေးသွားမည်ဟုသိရသည်။

အမှတ်၂စစ်ဘေးရှောင်စခန်းတွင်  ကျေးရွာ ၂၃ ရွာမှ အိမ်ထောင်စုပေါင်း ၂၁၀ စု စုစုပေါင်းလူဦးရေ ၉၁၆ ဦးခန့် ရွေ့ပြောင်းလာကြတာဖြစ်ကြောင်းသိရသည်။

အမှတ် ၁ စစ်ဘေးရှောင်စခန်း(ပဲပဒုံကယ်ဆယ်ရေးစခန်း) တွင် ကျေးရွာပေါင်း ၁၄ ရွာမှ အိမ်ထောင်စုပေါင်း ၁၂၈ စု ၊ စုစုပေါင်းလူဦးရေ ၆၄၄ ဦးအထိရှိလာကြောင်းသိရသည်။

အမ်းမြို့အနီးက ဒါးလက်အုပ်စု (ဒါးလက်ချောင်းဒေသ) တွင်စားနပ်ရိက္ခာသယ်ယူခွင့်မရှိသည့်အတွက် ရိက္ခာပြတ်တောက်သည့် ကာလကြာလာသော် ကြောင့် စစ်ရှောင်စခန်းများကို လာရောက်နေထိုင်ကြကြောင်းသိရသည်။

“မနေ့ကတော့၉ တန်း ၊ ၁၀တန်းကျောင်းသားတွေကို ကျောင်းသွားအပ်ပါတယ်။ ဆရာ၊ဆရာမတွေက ထိုင်ရမဲ့ နေရာလေးတွေတော့ ပြပေးတယ်။ ကျောင်းကတော့တတ်လို့မရသေးဘူး။ အစိုးရကအဆင့်သတ်မှတ်ထားတာပါ။ ကျောင်းတွေမှာအေအဆင့်၊ဘီအဆင့် ဆိုတော့ကျောင်းသားတွေတတ်မဲ့ အ.ထ.က ၁ ကအဲဒီအဆင့်ကိုမရောက်သေးတဲ့အတွက် ကျောင်းကဖွင့်လို့မရသေးပါ။ KG ကနေ့ လေးတန်းအထိက စခန်းထဲမှာပညာသင်ကြားပေးဖို့အတွက် သက်ဆိုင်ရာကိုတင်ပြထားပါတယ်။ တရားဝင်ဖွင့်ခွင့်မရသေးတဲ့အတွက် ဘာမှတော့အကြောင်းမပြန်သေးပါဘူး “ ဟုအမှတ် ၁ စစ်ဘေးရှောင်စခန်းမှာ  စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းချို က ပြောသည်။

ကျောင်းတက်ဖို့လိုအပ်နေသည့် ကျောင်းသား  ကျောင်းသူများအတွက် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ကျောင်းသုံးစာအုပ် နှင့် စာရေးကိရိယာများကိုထောက်ပံ့လှူဒါန်းမှုနဲ့အတူ အရပ်ဖက်အဖွဲ့အစည်းများကလည်းလိုအပ်သည့်အခြေခံပစ္စည်းများကိုထောက်ပံ့လှူဒါန်းမှုတွေရှိနေပြီး ကျောင်းဝတ်စုံတစ်ခုသာအခက်ခဲရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် နယ်မြေဒေသအခက်ခဲကြောင့် ကျောင်းပေါင်း ၁၁ကျောင်း မဖွင့်နိုင်သေးကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အမ်းမြို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခု တွင် လူဦးရေ ၁၅၀၀ ကျော်လာပြီး စားဝတ်နေရေး နဲ့ ကျန်းမာရေးတို့အတွက်အခက်ခဲများဖြစ်ပေါ်နေတယ်လို့သိရှိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...