ကျောင်းသုံးစာအုပ်သင်ရိုးသစ်တွင် လူမျိုးအမည်မှားနှင့်အချက်အလက်မှားများဖော်ပြထားမှုကို ပြန်ပြင်ပေးမည်ဟုဆို

ကျောင်းသုံးစာအုပ်သင်ရိုးသစ်တွင် လူမျိုးအမည်မှားနှင့်အချက်အလက်မှားများဖော်ပြထားမှုကို ပြန်ပြင်ပေးမည်ဟုဆို

မာန်ယုကျော် - ၂ဝ၂ဝ - ၂ဝ၂၁ ပညာသင်နှစ်တွင် သင်ကြားကြရမည့်အခြေခံပညာသင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်ပါ လူမျိုးအမည်များနှင့် သမိုင်းဆိုင်ရာအချက်အလက်အချို့ လွဲမှားဖော်ပြထားမှုများကို ပြန်ပြင်ပေးမည်ဟု အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယခုနှစ်သင်ကြားကြရမည့် သင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်များကို ခရိုင်ပညာရေးမှူးရုံးများထံ ပေးပို့ထားပြီ ဖြစ်၍ ယခုနှစ်တွင် ပြင်ဆင်မရတော့သည့်အတွက် လာမည့် စာသင်နှစ်တွင် ဖြန့်ဝေမည့် ပြဋ္ဌာန်း စာအုပ်များတွင်သာ နောက်ဆက်တွဲပြင်ဆင်ချက်များကို ထည့်သွင်းပေးသွားမည်ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၏ ပြောဆိုချက်ကို ကိုးကားပြီး ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day သတင်းစာတွင် ဖော်ပြထားသည်။

ဦးကိုလေးဝင်းက "စာလုံးပေါင်း မှားတာတို့၊ သမိုင်းထဲက နာမည်တွေ လွဲနေတာတို့ရှိပါတယ်။ ဒါတွေကိုထောက်ပြလာတာကို ပြန်ပြင်ဖို့လုပ်နေပါတယ်။ ဒီနှစ်ကတော့ စာအုပ်ထွက်သွားပြီဖြစ်တဲ့ အတွက် ပြင်ဆင်မယ်ဆိုရင် နောက်ဆက်တွဲညွှန်ကြားချက်နဲ့ လိုက်ပြင်ရမှာပေါ့။ ဘယ်ဘာသာရပ်၊ ဘယ်စာအုပ်ရဲ့ ဘယ်စာမျက်နှာ နံပါတ်ရဲ့ဘယ်နေရာကို ပြန်ပြင်လိုက်ပါတယ်ဆိုတာမျိုး ညွှန်ကြားချက်ထုတ်မယ်။ နောက်နှစ်ကျရင်တော့ စာအုပ်ထဲမှာ ပြင်ပြီးသားပါလာပါလိမ့်မယ်။"ဟု ပြောသည်။

ပြန်လည်ပြင်ဆင်ပေးမည်ဟုဆိုသော်လည်း မည်သည့်စာပိုဒ်၊ မည်သည့်အတန်းများကို ပြင်ဆင်ပေးမည်ဆိုသည်ကို တိတိကျကျ ဖော်မပြထား၍ စိုးရိမ်စိတ် အနည်းငယ်ရှိနေသေးသည်ဟု လူမျိုးအမည်မှားယွင်းဖော်ပြခြင်းခံထားရသည့် ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်က နိရဉ္စရာကို ပြောသည်။

"ပြန်ပြင်ဆင်တဲ့နေရာမှာ ဘယ်စာပိုဒ်တွေကို၊ ဘယ်အတန်းတွေကို ပြင်ဆင်မလဲဆိုတာ တိတိကျကျ ဖော်မပြထားတော့ ကျနော်တို့အနေနဲ့ကတော့ နည်းနည်းတော့ သိချင်တာပေါ့။ စိုးရိမ်စိတ်လည်း နည်းနည်းတော့ ရှိသေးတာပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေအတွက် ခမီကို ခမီအဖြစ် အမှန်တကယ် ပြောင်းလဲပေးမှာလား၊ ဒါတစ်ခုတော့ နည်းနည်း စိုးရိမ်စိတ်တော့ ရှိသေးတယ်။"ဟု ၎င်းက ပြောသည်။

ယခုပညာသင်နှစ်တွင် သင်ကြားရမည့် သတ္တမတန်း (Grade – 7) သင်ရိုးသစ်၏ ပထဝီဝင် ဘာသာရပ်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် "ခမီ"လူမျိုးကို "ခမွီး"ဟုလည်းကောင်း၊ ကမန် လူမျိုးကို "ကမန်း"ဟုလည်းကောင်း လွဲမှားစွာဖော်ပြထားခြင်း၊ အလားတူ အဆိုပါ ဘာသာရပ်တွင် ကချင်အမျိုးသားများ၏သမိုင်းနှင့် ကချင်မျိုးနွယ်စုများ၏ အမည်၊ အခေါ်အဝေါ်များကို လွဲမှားစွာဖော်ပြထားခြင်း၊ သတ္တမတန်း (Grade – 7) သင်ရိုးသစ်၏ မြန်မာစာဘာသာရပ်တွင် အင်းလေးကန်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာနှင့် ပထဝီဆိုင်ရာအချက်အလက်များ လွဲမှားနေခြင်း၊ အလားတူ အဆိုပါမြန်မာစာစာအုပ်တွင် "နောင်အင်းလေးကိုလာဖို့ ဖိတ်ခေါ်တယ်" ခရီးသွား ဆောင်းပါး၌ အင်းလေးကန်အတွင်းရှိ အင်းရွာလေးရွာအမည်အပါအဝင် အချက်အလက် အချို့ မှားယွင်းနေခြင်း၊ စတုတ္ထတန်း (Grade – 4) သင်ရိုးသစ် မြန်မာစာဘာသာရပ်ပါ ဇာတ်မင်းသားကြီး ဦးဘိုးစိန်အတ္ထုပ္ပတ္တိတွင်လည်း ဦးဘိုးစိန်နှင့် ဦးဖိုးစိန်ကို စာလုံးပေါင်း သတ်ပုံမှားစွာ ဖော်ပြထားခြင်း၊ ယင်းအပြင် ပန်းမျိုးစုံညီ ဆယ့်နှစ်လရာသီသင်ခန်းစာတွင်လည်း လက်ပံပင်နှင့် လဲပင် တူညီသည်ဟု မှားယွင်းဖော်ပြထားခြင်းဖြစ်သည်။

ယင်းအပြင် ဒသမတန်း (Grade – 10) သင်ရိုးသစ် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် ကျောင်းသုံး စာအုပ်တွင်လည်း မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာများကို ထည့်သွင်း ဖော်ပြထားမှု အပေါ် ဝေဖန်ကန့်ကွက်မှုများရှိခဲ့သည့်အတွက် အဆိုပါကျောင်းသုံးစာအုပ်များကို ကျောင်းသားများထံ ဖြန့်ဝေခြင်းမပြုသေးရန် အခြေခံပညာရေးဦးစီးဌာနက ဇွန်လ ၂၃ ရက်နေ့တွင် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...