အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်သည့် နောက်ထပ်ကျောက်ဖြူမှလူငယ်နှစ်ဦး ငြိမ်းစုစီပုဒ်မဖြင့်အမှုဖွင့်ခံရပြီး အမ်းမြို့မှအမျိုးသမီးတစ်ဦး ခေါ်ယူစစ်ဆေးခံရ

အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်သည့် နောက်ထပ်ကျောက်ဖြူမှလူငယ်နှစ်ဦး ငြိမ်းစုစီပုဒ်မဖြင့်အမှုဖွင့်ခံရပြီး အမ်းမြို့မှအမျိုးသမီးတစ်ဦး ခေါ်ယူစစ်ဆေးခံရ

ဆောင်းဇာခြည် — အင်တာနက် ဖြတ်တောက်မှု တစ်နှစ်ပြည့်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် လှုပ်ရှားတောင်းဆိုသည့် နောက်ထပ် ကျောက်ဖြူမှ လူငယ်နှစ်ဦး ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် အမှုဖွင့်ခံလိုက်ရပြီး အမ်းမြို့မှ အမျိုးသမီး လှုပ်ရှားတက်ကြွသူတစ်ဦးကိုလည်း ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးမှာ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ ဥက္ကဋ္ဌ ကိုနေတိုးခိုင်နှင့် အကြံပေးအရာရှိ ကိုမင်းဇအောင်တို့ ဖြစ်ကြပြီး အမ်းမြို့ရှိ မျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်ကိုလည်း ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့သည်။

ကျောက်ဖြူမြို့ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ အကြံပေးအရာရှိ ကိုမင်းဇအောင်က “ကျွန်တော် တို့ကို ရဲစခန်းက ပြောလိုက်တာကတော့ ဗဟိုက စွဲထားတာလို့ ပြောတယ် ပေါ့နော်။ ဘယ်ဗဟိုက စွဲထားမှန်း တော့မသိဘူး။ အထက်လူကြီးတွေက စွဲခိုင်းလို့ စွဲတယ်ပေါ့။ ကျွန်တော်တို့က အင်တာနက်ပိတ်ထားတာ တစ်နှစ်ပြည့်တဲ့နေ့က ဒီမြို့ဝင်ဝနားမှာ အင်တာနက် ပိတ်ထားတာနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်တွေမှာ စာရေးပြီး လူလေး၊ ငါးယောက်လောက် စုပြီးတော့ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘုတ်မှာ တင်တာပေါ့။ အဲဒါကို အမှုဖွင့်တာပါ” ဟု နိရဉ္စရာသို့ ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ အင်တာနက်ပိတ်ဆို့ထားမှုတစ်နှစ်ပြည့်နေ့တွင် ကျောက်ဖြူမြို့နယ်အဝင်ဝ၌ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပြန်လည်ဖွင့်ပေးရေးအတွက် ကျောက်ဖြူမြို့ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ လူငယ်အချို့က လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီး တောင်းဆို ခဲ့ကြသည်။

“ကျွန်တော်တို့က ဆူညံပြီး လုပ်ခဲ့တာလည်း မဟုတ်ဘူး။ လူစုလို့ လုပ်တယ်ဆိုရင်လည်း အတိုင်ပင်ခံပုဂ္ဂိုလ် ၇၅ နှစ် မွေးနေ့တုန်းက လူတွေအများကြီးစုခဲ့တာပဲလေ။ သူ့ကရော ငြိမ်းစုစီတင်လား။ ကျွန်တော်က မေးချင် ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ကျွန်တော်တို့လည်း တန်းတူအခွင့်ရေးရှိတာပဲလေ။ အခုခေတ်မှာ အင်တာနက်နဲ့ လူတွေက စီးပွားရေးလုပ်နေကြတာလေ။ ကျန်းမာရေး၊ ဘာသာရေး အကုန်လုံးက အင်တာနက် ရှိမှ အဆင် ပြေတာ။ အခုလို အင်တာနက် မရှိတော့ ကျွန်တော်တို့ ဘဝက အမှောင်ထဲကို ရောက်နေသလိုပဲ။ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ကို အဆက်သွယ်ဖြတ်ထားတဲ့အတွက် ကျွန်တော်တို့က ကမ္ဘာကြီးနဲ့ ပြန်အဆက်သွယ် ရချင်လို့ အခုလို လုပ်ခဲ့ရတာပေါ့” ဟု ကိုမင်းဇအောင်က ဆက်ပြောသည်။

အလားတူ အမ်းမြို့ရှိ မျိုးဆက်သစ်လူငယ်များအဖွဲ့မှ ဥက္ကဋ္ဌ မအေးအေးနိုင်အားလည်း အင်တာနက် ပိတ်ဆို့ထားမှုနှင့်ပတ်သက်ပြီး ပုံရိုက်ကာ ဖေ့စ်ဘုတ်ပေါ်တင်ခဲ့မှုကြောင့် အမ်းမြို့မရဲစခန်းမှ ခေါ်ယူ စစ်ဆေးခြင်းများလည်း ခံခဲ့ရကြောင်း မအေးအေးနိုင်က နိရဉ္စရာသို့ ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ကလည်း အင်တာနက် ပိတ်ဆို့ထားမှုနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့အဝင်ဝတွင် ရမ်းဗြဲ လူငယ်ကွန်ရက်မှ လူငယ်တစ်စု ဓါတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ပြီးနောက် ယင်းကွန်ရက်မှ ချိတ်ဆက်ရေးတာဝန်ခံ ကိုမျိုးမင်းထွန်းမှာလည်း ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း အင်တာနက် ဖြတ်တောက်မှု တစ်နှစ်ပြည့်လှုပ်ရှားမှု ဦးဆောင်သူ မောင်ဆောင်းခ အပါအဝင် ၅ ဦးကို ရဲက ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၇) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့က တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ယင်းအင်တာနက် ပိတ်ထားမှုကို ပြန်လည်ဖွင့်ပေးရန် ရန်ကုန်၊ စစ်တွေအပါအဝင် မြို့အတော်များများတွင် အရပ်ဖက်အဖွဲ့အစည်းအများအပြားနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများက ဗီနိုင်းများ၊ ဆိုင်းဘုတ်များဖြင့် ဓါတ်ပုံများရိုက်ကာ လူမှုကွန်ရက်စာမျက်နှာ၌ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အင်တာနက် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...