အထွေထွေရွေးကောက်ပွဲတွေဟာ ပြည်သူတွေအတွက် ပန်းတိုင် ဟုတ်ပါရဲ့လား

အထွေထွေရွေးကောက်ပွဲတွေဟာ ပြည်သူတွေအတွက် ပန်းတိုင် ဟုတ်ပါရဲ့လား

မောင်ကျော်စွာ — လာမည့် နိုဝင်ဘာလထဲက သတ်မှတ်ရက် တစ်ရက်ရက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တာဝန်ရှိသူက ပြောပါတယ်။ ကမ္ဘာနဲ့အဝန်း ကိုဗစ်-၁၉ ကပ်ဘေးကြီး ရင်ဆိုင်နေရတဲ့ကာလမှာ ကျင်းပမှာမို့ ကိုဗစ်-၁၉ ဗိုင်းရပ်ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနဲ့အညီ ကျင်းပရမှာဖြစ်ပါတယ်။

ထို့အပြင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားတဲ့ စံ (၅)ချက်နဲ့ ကျင်းပသွားမှာလို့လည်း ဆိုပါတယ်။ မဲဆန္ဒရှင်ပေါင်း ၃၇သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော် လျာထား၊ စီမံထားတယ်လို့ ဆိုပါ တယ်။

သတ်မှတ်အစီအစဉ်အတိုင်း မကြာမီ ကျင်းပရတော့မယ့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုပါ ထည့်သွင်းရေတွက်ရမယ်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေအောက်မှာ အထွေထွေရွေးကောက်ပွဲ ၃ခု ကျင်းပနိုင်တော့မှာ ဖြစ်တယ်လို့ ပြောရမှာပါ။ ရှေ့က ကျင်းပခဲ့ပြီး အထွေထွေရွေးကောက်ပွဲ ၂ခုကိုလည်း နိုဝင်ဘာလထဲက သတ်မှတ် ရက်တစ်ခုခုမှာ ကျင်းပခဲ့တာမို့ပါ။ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာလထဲက သတ်မှတ်ရက်တစ် ခုခုမှာ ကျင်းပမှာဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။

၁။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ

၂။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ

၃။ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ

အထွေထွေရွေးကောက်ပွဲတွေဟာ ပြည်သူတွေအတွက် (မဲပေးခွင့်ရှိသူ ပြည်သူတွေအတွက်) “ပန်းတိုင်” ဟုတ်ပါရဲ့ လား။

ဒီမေးခွန်းကို အလျင်စလို မဖြေခင်မှာ အောက်ပါထူးခြားတဲ့ အခြေအနေနှစ်ရပ်ကို အလေးအနက် သတိပြုမိဖို့ အရေးကြီးပါတယ်။ ဒီထူးခြားချက်များကို ကောင်းစွာ အသိအမှတ်ပြုထားမှသာ အထက်မှာမေးထားတဲ့ မေးခွန်းကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ပါလိမ့်မယ်။

ပထမအချက် ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးကို မရပ်စဲနိုင်သေးတဲ့ အနေအထားမှာ ကျင်းပတာဖြစ်တယ်။

ဒုတိယအချက် ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပရတာဖြစ်တယ်။

ပထမအချက်ကို လိုအပ်သလို ချဲ့ထွင်စဉ်းစားကြည့်ကြပါစို့။

ချက်ချင်းလက်ငင်းပြောနိုင်တဲ့အချက်က ပြည်တွင်းစစ်မရှိတဲ့၊ ပါတီစုံဒီမိုကရေစီစနစ်နဲ့ တစုံတရာ အသားကျ နေတဲ့ တိုင်းပြည်တွေမှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ တူညီနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ စံနှုန်းတွေ၊ စည်းကမ်းတွေနဲ့လည်း ကိုက်ညီနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် ရှိနေဆဲဖြစ်တဲ့အတွက် ပြည်တွင်းစစ်ဆက်ဖြစ်နေတဲ့၊ ပြည်တွင်းစစ် မရပ်စဲနိုင်သေးတဲ့ နယ်မြေဒေသတွေ ပါဝင်နိုင်မှာ မဟုတ်ဘူး။ အဆိုပါ ဒေသတွေမှာ နေထိုင်ကြတဲ့ မဲပေးနိုင်ခွင့်ရှိတဲ့  ပြည်သူတွေလည်း မဲပေးခွင့်ရှိမှာမဟုတ်ဘူး။

ထို့အပြင်တစ်ဆက်တည်းမှာ အုပ်စိုးသူအစိုးရကို လက်နက်စွဲကိုင် ခုခံတိုက်ခိုက်နေဆဲ အဖွဲ့အစည်းတွေ လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ ထင်ရှားသိသာတဲ့အချက်မှာ (NCA)စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ (EAOs) အဖွဲ့တွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတာပါ။

ဆိုလိုချင်တာက ပြည်တွင်းစစ် မရပ်စဲနိုင်သေးဘူး။ “အများစု”တော့ ရွေးကောက်ပွဲမှာ (ယှဉ်ပြိုင်ရွေးချယ်ခံ နိုင်တာနဲ့ မဲပေးခွင့်ရှိတာ) ပါဝင်နိုင်သော်လည်း  တစ်ပြည်လုံး “အားလုံး” ပါဝင်နိုင်ခွင့် မရှိသေးဘူးဆိုတဲ့ အခြေအနေကို သတိပြုဖို့ပါ။ all-inclusive “အားလုံးပါဝင်ရေး” ဆိုတဲ့အချက် မပြည့်မီသေးဘူးဆိုတာကို သတိပြုမိကြဖို့ပါ။

ဒုတိယအချက်ကို သွားကြပါစို။

“၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့အကြောင်းပြောကြတဲ့အခါ ပထမအချက်အားဖြင့် စစ်ဗိုလ်ချုပ်ကြီးတွေ စိတ် ကြိုက်စီမံရေးဆွဲပြီး - အတင်းအကြပ်အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်တယ်ဆိုတဲ့ အချက်ကို မေ့လျော့သွားလို့ လုံးဝ မဖြစ် နိုင်ပါ။

ဒုတိယအချက်က “အာဏာဟာ ပြည်သူလူထုထံက ဆင်းသက်တယ်” ဆိုတဲ့မူနဲ့အညီ သက်ဆိုင်ရာ မဲဆန္ဒနယ် တွေမှာ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူတွေရဲ့ တခဲနက်ဆန္ဒ (ဝါ) လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲကိုရောက်တဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းက စိတ်ကြိုက်စေလွှတ်လိုက်တဲ့ စစ်ဗိုလ် ၂၅ရာခိုင်နှုန်းရဲ့ ဆန္ဒကို ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့အချက်ကို မေ့လျော့သွားလို့ လုံးဝ မဖြစ်နိုင်ပါ။

အနှစ်သာရအားဖြင့် ဆိုလိုချင်တဲ့အချက်က မဲပေးခွင့်ရှိသူ ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထား တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ များရာဆန္ဒကို ကာချုပ်ရဲ့တစ်ဦးချင်းဆန္ဒသဘောထားနဲ့ အချိန်မရွေး အလွယ်တ ကူ ပယ်ချ လျစ်လျူရှုပစ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ဒီအချက်ရဲ့ ထင်ရှားတဲ့ ဥပဒေသာဓကကတော့ ၂၀၀၈ အခြေခံဥပဒေ၊  “ပုဒ်မ ၄၃၆ (က) နဲ့ (ခ)” ဖြစ်ပြီး။ လက်တွေ့သာဓကတော့ လွှတ်တော်တွင်းမှာ ပြီးစီးသွားခဲ့တဲ့ ဒီချုပ်ပါတီက ဦးစီးတဲ့ “၂၀၀၈ အခြေခံဥပဒေပြင်ဆင် ရေးရလဒ်များ”ပဲ ဖြစ်ပါတယ်။ ဒီပုဒ်မကို လက်နက်သဖွယ်အသုံးချပြီး လွှတ်တော်ကိုယ်စားလှယ် များရာအစုရဲ့ တင်ပြချက်မှန်သမျှကို ပယ်ချခဲ့တာကို လက်တွေ့ ကြုံခဲ့၊ သိခဲ့ကြရပါတယ်။

 ပြည်ထောင်စုစာချုပ် ( Union Accord)မှာ ထည့်သွင်းဖို့ “၂၁ - ရာစုပင်လုံ” ဆွေးနွေးပွဲတွေမှာ “အားလုံး” က သဘောတူပြီးဖြစ်တဲ့ (နိုင်ငံတော်ကို “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်”ဖြင့် ဖွဲ့စည်းတည်ဆောက်သည်) ဆိုတဲ့ အချက်ကိုပင် ကာချုပ်ရဲ့ လွှတ်တော်ထဲက စစ်ဗိုလ်များက လက်မခံဘဲ ခါးခါးသီးသီး ပယ်ချခဲ့တယ် မဟုတ်ပါလား။

အလေးအနက် သတိပြုကြရမယ့် အခြေအနေနှစ်ရပ်၊ လက်တွေ့နှစ်ရပ်ရဲ့ ထူးခြားချက်ကနေ အစချီပြီး စဉ်းစားကြည့်ခဲ့ကြပါပြီ။ လက်တွေ့ဖြစ်ရပ်တွေကနေ တဆင့်လည်း သိရှိခဲ့ကြရပါပြီ။ ဒီတော့ မေးခွန်းကိုပြန်ပြီး အစ ကောက်ကြပါစို့။

- “အထွေထွေရွေးကောက်ပွဲတွေဟာ ပြည်သူတွေအတွက် ပန်းတိုင် ဟုတ်ပါရဲ့လား”

အထက်မှာတင်ပြခဲ့တဲ့ သတိပြုရမယ့် အခြေအနေနှစ်ရပ်၊ လက်တွေ့နှစ်ရပ်ကို လက်ကိုင်ပြပြီး တည့်တည့် တန်းတန်း ဖြေဆိုရမယ်ဆိုရင် အဖြေက - “မဟုတ်ပါ။ ဘယ်လိုမှ မဟုတ်နိုင်ပါ”  ဆိုတဲ့ ပကတိအဖြေမှန်ကို ရရှိပါလိမ့် မယ်။

ပိုဆိုးတဲ့အချက်က အထွေထွေရွေးကောက်ပွဲဟာ ပြည်သူများရဲ့ပန်းတိုင်ကို ဝေဝါးစေဖို့ - လွဲချော်စေဖို့၊ ပြည်သူတွေ အချင်းချင်း၊ မဲဆန္ဒရှင်ပြည်သူတွေအချင်းချင်း အစည်းပြေသွေးကွဲစေဖို့  တမင်တကာ ကြံစည်ဖန်တီးထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။

 ဒီထောင်ချောက်ထဲမှာ ကျနော်တို့တတွေဟာ နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင်ထူထောင်ကြရင်း၊ ယှဉ် ပြိုင်ကြရင်းနဲ့ ပြည်သူများရဲ့ အရင်းမူလပန်းတိုင် (ဝါ) ဦးတည်ချက်ကနေ တစ်စတစ်စ ဝေဝါးဝေးကွာသထက် ဝေးကွာလာကာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ပါတီနဲ့တစ်ပါတီ အပြန်အလှန် အကွက်စောင့်ခြေထိုးဖို့၊ နင်းပြီး တက်ကြဖို့၊ အပြန်အလှန် ငယ်ကျိုးငယ်နာဖော်ကြဖို့ ပိုပြီးသဲသန်လာတဲ့အခါ သွေးထွက်သံယိုဖြစ်တဲ့အထိ အသက်ကို ပင် ရန်ရှာတိုက်ခိုက်ကြဖို့ဆိုတဲ့ ဝဲဩဃမှာ ဆက်ပြီးတော့ နစ်သထက် နစ်မွန်းသွားကြဖို့ပဲ ရှိပါတယ်။

ဒီထောင်ချောက်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်တယ်ဆိုတာကိုလည်း မမေ့ကြဖို့ လိုအပ်ပါတယ်။ အထွေထွေရွေးကောက်ပွဲတွေမှာ တရားမျှတဖို့ လွတ်လပ်ဖို့ဆိုတာတွေဟာ အခြေခံကျတဲ့ လိုအပ်ချက်တွေပါ။

အထွေထွေရွေးကောက်ပွဲတွေကနေတဆင့်  ပြည်သူတွေက တခဲနက် မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်(ဥပဒေပြုရေး)နဲ့ အစိုးရ(အုပ်ချုပ်ရေး) တစ်တိုင်းတစ်ပြည်လုံးရဲ့ အရေးအရာကိစ္စမှန်သမျှကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဒ်မ၊ ဘယ်ဥပဒေ၊ ဘယ်ပြဋ္ဌာန်းချက်ကိုမှ စိုးရွံ့၊ ထောက်ထား၊ ကြောက်လန့်မနေရဘဲ ပြတ်ပြတ်သားသား၊ ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

ဆိုလိုချင်တာက အခြေခံဥပဒေက အားလုံးက လက်ခံနိုင်တဲ့ စံမီ၊ နှုန်းမီ၊ ပေမီဒေါက်မီ ဖြစ်ရမယ်။ ရွေးကောက်ပွဲမှာ ပြည်သူက တခဲနက် မဲပေးရွေးချယ်လိုက်တဲ့ ပါတီကို အာဏာအပ်ရမယ် (၁၉၉၀ပြည့် ရွေးကောက် ပွဲရလဒ်လို မဖြစ်စေရ)။ ပြည်သူက ပေးအပ်ထားတဲ့အာဏာနဲ့အညီ တိုင်းရေးပြည်ရာကိစ္စအဝဝ (စစ်တပ်နဲ့  စစ်ရေး ကိစ္စအရပ်ရပ် အပါအဝင်) အပြည့်အဝ လွတ်လပ်စွာ စီမံစီရင် အုပ်ချုပ်နိုင်ရမယ်။

လူမျိုးပေါင်းစုံပြည်သူများရဲ့ “အရင်းမူလ ပန်းတိုင်”ဟာ ပြည်တွင်းစစ်ရပ်စဲပြီး - ပြည်တွင်းငြိမ်းချမ်းရေး ရရှိ ဖို့ - တန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ သွေးစည်းရေးဆိုတဲ့အခြေခံပေါ်မှာ စစ်မှန်တဲ့ ပြည်ထောင်စုတိုင်း ပြည်သစ်ကို ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ဒီကနေ့ ကျင်းပခဲ့ - ကျင်းပလတ္တံ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ ၂၀၀၈ အခြေခံဥပဒေဟာ လူမျိုး ပေါင်းစုံပြည်သူများရဲ့ အရင်းမူလပန်းတိုင်နဲ့ ပိုမိုနီးကပ်လာစေသလား သို့တည်းမဟုတ် ပို၍ပို၍ အလှမ်းဝေးသွားစေ သလားဆိုတာကို သမိုင်းနဲ့ လက်တွေ့ဖြတ်သန်းမှုများ (အတွေ့အကြုံ၊ သင်ခန်းစာများ)နဲ့ နှိုင်းယှဉ်ပြီး တရားဝင် မှတ် ပုံတင်ထားကြတဲ့ ၂၀၀၈အခြေခံဥပဒေ၊ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဘောင်ထဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီ အပါအဝင် နိုင်ငံရေးပါတီအားလုံး (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တည်ဆဲနိုင်ငံရေးပါတီ များစာရင်းအရ စုစုပေါင်း ၉၇ပါတီ ရှိပါတယ်) မိမိတို့ကိုယ်မိမိတို့ အလေးအနက် လေ့လာဝေဖန်သုံးသပ်ကြပါရန် လူမျိုးပေါင်းစုံပြည်သူများကိုယ်စား တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...