ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ကျေးရွာများတွင် သံသယလူနာ တွေ့ရှိပါက မွန်ပြည်သစ်ပါတီက တည်ဆောက်လျက်ရှိသည့် မူးယစ်ဆေးသုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၌ ထားရှိသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဗညာလယ်က ပြောကြားသည်။
ယင်းဌာနမှာ ရေးချောင်းဖျားဒေသ ဝယ်ဇင်ကျေးရွာအနီး ဒေဒဂွန်ဇွယ်တောင်ခြေတွင် တည်ဆောက်လျက်ရှိသည်။
“ရေးချောင်းဖျားဒေသမှာ သံသယလူနာများ တွေ့ရှိပါက ရေးမြို့ဆေးရုံသို့ မလွှဲပြောင်းခင် ဒီမှာ ယာယီထားရှိသွားမယ်။ အဲဒီကနေတစ်ဆင့် ရေးမြို့ဆေးရုံကို အဆက်အသွယ်ယူပြီးတော့ လွှဲပြောင်းပေးသွားဖို့ လောလောဆယ်မှာ အစီအစဉ်တွေ ချထားတယ်”ဟု နိုင်ဗညာလယ်က ပြောသည်။
လတ်တလောတွင် မွန်အမျိုးသားကျန်းမာရေးဌာန တာဝန်ရှိသူများက အောက်စီဂျင်အပါအဝင် လိုအပ်သည့်ပစ္စည်းကိရိယာများကို စုဆောင်းလျက်ရှိပြီး လာမည့်မေလ ၁ ရက်နေ့မှ စ၍ သံသယလူနာများကို ယာယီပြုစုစောင့်ရှောက်နိုင်ရေး မွန်အမျိုးသားကျန်းမာရေးဌာန တာဝန်ရှိသူများ လာရောက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သံသယလူနာများ တွေ့ရှိလာပါက ရေးမြို့ဆေးရုံကို လွှဲပြောင်းပေးနိုင်ရေး မွန်ပြည်နယ်ကျန်းမာရေးဌာန ဒေါက်တာဝတ်မှုံ၊ ဆေးရုံတာဝန်ရှိသူများနှင့်အပြင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့်လည်း တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ကြောင်း နိုင်ဗညာလယ်က ဆိုသည်။
ရေးချောင်းဖျားဒေသရှိ ကျေးရွာများတွင် မွန်အမျိုးသားကျန်းမာရေးဌာနတာဝန်ရှိသူများက ဒေသခံပြည်သူများကို ပညာပေးလုပ်ဆောင်နေလျက်ရှိပြီး အအာခရီး(တရဴအအာ)နှင့် MA TA အဖွဲ့နှင့် မွန်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတို့က Mask ၊ လက်အိတ်၊ ကလိုရင်းပိုးသတ်ဆေးနှင့် အခြားပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သည်။
ရွှေရိုး



