တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဧပြီ ၃၀ ရက်ထိ ပိတ်မည်

တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဧပြီ ၃၀ ရက်ထိ ပိတ်မည်

ချမ်းငြိမ်း — တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ဆရာ၊ဆရာမများ နွေရာသီအားလပ်ရက်ကို ဧပြီတစ်လလုံး သတ်မှတ်ပေးထားပြီး ဧပြီ ၃၀ ရက်နောက်ပိုင်းမှသာ တာဝန်များ ပြန်လည် ထမ်းဆောင်ကြရန် တက္ကသိုလ်အသီးသီးက ထုတ်ပြန်လိုက်သည်။



လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက် ကပ်ရောဂါကြောင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များပိတ်ထားရကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။



ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက တစ်ဦးဖြစ်သည့် ဦးလှိုင်တင့်က "မနက်ဖြန် ပြန်ဖွင့်ရင် အလှည့်ကျ ကျူတီဝင်ရမှာတွေ ရှိတယ်။ အရင်နှစ်ကတော့ နွေရာသီ အားလပ်ရက်က မေလမှာ ပေးတယ်။ အဲတုန်းကတော့ အားလပ်ရက်ပေးပေမယ့် ၁၅ရက်က အလှည့်ကျနဲ့ ဆင်းရတာတွေတော့ ရှိတယ်"ဟု မဇ္ဈိမသို့ ပြောသည်။



ကလေးတက္ကသိုလ်၊ မကွေးတက္ကသိုလ် ၊စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တို့တွင် ဧပြီလ ၃၀ရက်နောက်ပိုင်းမှသာ တာဝန်များ ပြန်လည်ထမ်းဆောင်ရန်  ဧပြီလ ၁၈ရက်စွဲဖြင့် ညွှန်ကြားထားသည်။



နေရပ်ပြန်သွားသည့် ဆရာ၊ဆရာမများအနေဖြင့် လက်ရှိရောက်နေသည့် နေရာတွင်သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး လိုအပ်ပါက Facility Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။



မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတွေ့သည့် မတ်လ ၂၄ ရက်နေ့တွင် တက္ကသိုလ်၊ဒီဂရီကောလိပ်စာမေးပွဲများ ဖြေဆိုနေချိန် ဖြစ်သော်လည်း ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျောင်းများကို ချက်ချင်း ပိတ်ပေးခဲ့သည်။



ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင် မရှိသည့် အခြားတက္ကသိုလ်များကိုလည်း ဧပြီလကုန်အထိ ပိတ်ထားကြောင်း သိရသည်။



ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တက္ကသိုလ်  ၉၉ ခုနှင့် ဒီဂရီကောလိပ်ပေါင်း ၃၁ ခုရှိကြောင်း ယင်းဌာန ဝက်ဘ်ဆိုက်တ်တွင် ဖော်ပြချက်များအရ သိရသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...