ရှမ်းနီအမျိုးသားတပ်ဖွဲ့ နှင့် တပ်မတော် တိုက်ပွဲများဖြစ်

ရှမ်းနီအမျိုးသားတပ်ဖွဲ့ နှင့် တပ်မတော် တိုက်ပွဲများဖြစ်
ရှမ်းနီတပ်ဖွဲ့(SNA)ဝင်များကို တွေ့ရစဉ်။
ရှမ်းနီတပ်ဖွဲ့(SNA)ဝင်များကို တွေ့ရစဉ်။

စိုင်းဦး — သုံးနှစ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော ရှမ်းနီလက်နက်ကိုင်တပ်နှင့် တပ်မတော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ယမန်နေ့ ဧပြီ ၁၇  က စပြီး တိုက်ပွဲများ  ဖြစ်ပွားနေခဲ့သည်ဟု ရှမ်းနီအမျိုးသားတပ်ဖွဲ့ (SNA) က ပြောသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်က SNA လှုပ်ရှားနယ်မြေအတွင်းသို့ ဝင်ရောက် နေရာယူခြင်းကြောင့် ဖြစ်ကြောင်း SNA ဘက်က ပြောသည်။

SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက တိုက်ပွဲများသည် ဟုမ္မလင်းမြို့နယ်တွင်းရှိ နမ့်တောကျေးရွာ၏ အရှေ့မြောက်ဘက် ချောင်းကြီးဒေသတွင် ဖြစ်ပွားခဲ့ခြင်းဟုဆိုပြီး " အဓိက တိုက်ပွဲဖြစ်တာ ကတော့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက မြန်မာ့တပ်မတော်က နေပြီးတော့မှ SNA နယ်မြေထဲကို ဝင်ပြီးတော့ နေရာ ယူထားတာ များလာတယ်၊ အဓိက စစ်အင်အားတွေ ချလာတယ်၊အဲ နောက် ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ မနေ့က စပြီး ထိတွေ့မှုတွေ စဖြစ်တာပေါ့” ဟု ပြောသည်။

 ဟုမ္မလင်းအခြေစိုက် ခလရ ၂၂၂ နှင့် တိုက်ပွဲငယ်များဖြစ်ပွားနေခဲ့ပြီး ယနေ့နံနက်ကလည်း ထပ်မံဖြစ်ခဲ့သည်ဟု သူက ပြောသည်။

 

 တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက SNA အဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားကြောင်း အတည်ပြုကာ  “ဟုမ္မလင်း နမ့်တောဆိုတာ အရင်တုန်းကတော့ သောင်းကျန်းသူရှိတဲ့ နေရာတော့ မဟုတ်ဘူးဗျ" ဟု ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတော့ မထုတ်ပြန်သေးပါ။

တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ရှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး SNA ဘက်မှ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုချက်ရယူနိုင်ခြင်းမရှိပါ။

တပ်မတော်နှင့် SNA ကြားမှာ ၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၁ ရက် အိန္ဒိယနယ်စပ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၅ ရက်က ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါကျေးရွာအနီးမှာ တစ်ကြိမ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။

 

 ဒေသခံတစ်ဦးဖြစ်သူ ဆေဆိုင်မုန်း  “ ဒီဒေသ မှာ ဒီလိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထား မဟုတ်ဘူးလေ။ အဓိကတော့ အသက်ကြီး ရွယ်အိုတွေနဲ့ ကလေး သူငယ်တွေ အမျိုးသမီးတွေ တော်တော် ထိတ်လန့်နေတယ်” ဟု  ပြောသည်။

ရှမ်းနီတပ်ဖွဲ့(SNA)သည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...