RCSS /SSA နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို

RCSS /SSA နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို
AFP RCSS/SSA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။
AFP RCSS/SSA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

ကျော်ဝေမင်း — တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်ကြား လက်နက်ကြီး ပစ် ခတ်မှုများဖြင့်  ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

အဆိုပါ တိုက်ပွဲသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်မှ ညနေ ၄ နာရီကျော်ထိ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းက လွိုင်တောင်းတောင်ကြားမှာ တပ်မတော်က အင်အား ၄၀၀ ဝန်းကျင်နှင့် RCSS တို့ကြား လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း RCSS ဘက်က ပြောသည်။

RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက “ဒါက လမ်းမှားပြီး ထိတွေ့တာမျိုး မဟုတ်ဘူး၊ ဘာလို့လဲဆို တော့ ဒီနေရာက ကျွန်တော်တို့ NCA မထိုးခင်ကတည်းကရှိခဲ့တာ၊ အခုလည်း တပ်မတော်ဘက်က တပ်ရင်း ၄ ရင်း လောက်နဲ့ တက်လာတယ်၊ နောက် လက်နက်ကြီးတွေကလည်း တလစပ်ကို ပစ်တယ်၊ အချက်ရေကို မရေ မတွက်နိုင်အောင်ပဲ၊ ဒါက မဖြစ်သင့်ဘူးလေ။ ဒီကိစ္စကို ကျွန်တော်တို့ တာဝန်ရှိတဲ့ သူတွေနဲ့ တွေ့ဆုံဆွေးနွေး ခွင့်ရဖို့ လုပ်ဆောင်သွားမယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ NCA လမ်းကြောင်းအတိုင်းပဲ သွားချင်တာ“ ဟု ပြောသည်။

ယင်းနေ့က တိုက်ပွဲတွင် တပ်မတော်ဘက်မှ ၆၀ မမ၊ ၈၀၁ မမ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ စစ်ရေး အခြေအနေ တင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း RCSS/SSA ထံက သိရသည်။

မဲဆန္ဒနယ်အမှတ် (၁) မိုင်းကိုင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ကတော့ တိုက်ပွဲဖြစ်ပွား သည်မှာ မှန်ကန်ကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်မှုများတော့ မရှိသေးကြောင်း ဆို သည်။

“ ဒေသခံတွေက မနက်က ဖုန်းလှမ်းဆက်တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုပြီ။ အဲနေရာက အရင်တုန်းကတော့ တိုက် ပွဲဖြစ်တယ်လို့ မကြားဖူးဘူး၊ ဒီလို တိုက်ပွဲပြန်ဖြစ်တာကတော့ မကောင်းဘူးပေ့ါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ က ဘာကြောင့် ဖြစ်တာလည်းဆိုတာကို အတိအကျ မသိရတော့ ပြောဖို့က ခက်နေတယ်၊ အခုအချိန်ထိတော့ ဒေသခံတွေ ထွက်ပြေးလာတာမျိုးတွေ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

RCSS/SSA သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် ဖြစ်ပြီး လက်ရှိမှာလည်း အစိုးရ၊ တပ်မတော် အပါအဝင် တခြားသော လက်နက်ကိုင် အဖွဲ့များ ဖြင့် ပူးပေါင်းကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိနေသည်။

RCSS သည် ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျဲန်မှာ ဗဟိုဌာနချုပ်အဖြစ် ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ စစ်ရေး လှုပ်ရှားလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...