“ဝ”တပ်ဖွဲ့ UWSA လူစီး ရဟတ်ယာဉ်ဝယ်ယူ

“ဝ”တပ်ဖွဲ့ UWSA လူစီး ရဟတ်ယာဉ်ဝယ်ယူ

စိုးသူအောင်  — “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)မှ လူစီး ရဟတ်ယာဉ် တစ်စီးကို  ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း လောက်က ဝယ်ယူခဲ့ကြောင်း UWSP ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

အဆိုပါ ရဟတ်ယာဉ်မှာ ယာဉ်မောင်း အပါအဝင် လူ ၄ ယောက်ခန့် စီးနင်းနိုင်ပြီး အရပ်သုံး အပျော်စီး ရဟတ်ယာဉ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးညီရန်းက “ပြောင်းလဲ လာတဲ့ခေတ်မှာ ပုဂ္ဂလိကသုံးတွေ ဆိုတာကတော့ တော်တော်များများ ဝယ်သုံးနေ ကြပဲ၊ ထူးထူး ဆန်းဆန်း ရယ်တော့ မဟုတ်ပါဘူး၊ ဒီအတိုင်း အပျော်စီးပါပဲ။ ကျွန်တော်တို့ “ဝ”ပြည်နယ် အတွင်း မှာ ရှိနေတဲ့ ပြည်သူလူထုတွေလည်း လေ့လာလို့ရအောင်ပေါ့နော်”ဟု ပြောသည်။

လက်ရှိ UWSA မှ ဝယ်ယူထားသည့် ရဟတ်ယာဉ်မှာ မည်သည့် အမျိုးအစား ဖြစ်ကြောင်းနှင့် မည်သည့် နိုင်ငံမှ ဝယ်ယူခဲ့သည်ကို တိတိကျကျ မသိထားကြောင်း၊ ဈေးနှုန်းအနေဖြင့် ဘယ်လောက် ပေးချေးရသလဲဆိုခြင်းမှာ လည်း မသိရသေးကြောင်း ၎င်းက ပြောသည်။

UWSP/ UWSA မှ ရဟတ်ယာဉ်တစ်စီး ဝယ်ယူလိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ အထဲတွင် ပထမဆုံး ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“ ဟယ်လီကော်ပရာ ဝယ်သည်ဖြစ်စေ၊ လေယာဉ်ပျံဝယ်သည်ဖြစ်စေ သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့ ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်နေမှာပဲ။ ဒါပေမယ့် တပ်မတော် အနေနဲ့ဒါကို လက်ခံနိုင်သလား၊ လက်မခံ နိုင်သလားဆိုတာ တပ်မတော်ဘက်က သဘောထားကိုပဲ စောင့်ကြည့်ရမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

UWSA အနေဖြင့် ယခု ဝယ်ယူထားသော ရဟတ်ယာဉ်ကို ခေါင်းဆောင်များ စီးနင်း အသုံးပြုခြင်းမရှိသေးဘဲ တပ်မဟာ ၄၆၈ တပ်မဟာမှူး အိုက်ပန်း စီးနင်းအသုံးပြုနေကြောင်းလည်း သိရသည်။

လက်ရှိတွင် UWSA ၌ စစ်သည် အင်အား ၃၀၀၀၀ ဝန်းကျင် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများကြား ပြောဆို နေသလို ၂၀၁၉ ခုနှစ်၊ဧပြီလက ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာ မောင်းသူမဲ့ လေယာဉ်များကိုလည်း ထုတ်ပြခဲ့သလို အမြောက်တပ်၊ စနိုက်ပါတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့ စသဖြင့် လက်နက်များနှင့် တပ်ဖွဲ့ အင်အား  ကို ထုတ်ပြသွားခဲ့သည်။

UWSP/ UWSA သည် စတုရန်း ကီလိုမီတာ ၁၅၀၀၀ ခန့် အကျယ်အဝန်းရှိသော “ဝ”ဒေသကို ကိုယ်ပိုင် စစ်တပ်၊ ရဲ တပ်ဖွဲ့၊ လ.ဝ.က၊ တရားရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန စသဖြင့် ကိုယ်ပိုင်အုပ်ချုပ်လျက်ရှိသည်။

UWSA ကို ၁၉၈၉ ခုနှစ်က တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းကြောင့် အထူးဒေသ (၂) အဖြစ် သတ်မှတ်ပေးခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ခမ်း(ပန်ဆန်း)မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

အဆိုပါ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှာ “ဝ”၊ လားဟူ၊ အာခါ၊ တိုင်းလွယ်၊ ရှမ်း၊ ဗမာ၊ ကိုးကန့်၊ တရုတ် စသည့် တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပေါင်း ၁၇ မျိုးနေထိုင်ကာ လူဦးရေ စုစုပေါင်း ၆ သိန်း ဝန်းကျင် ရှိနေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...