AA အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းခြင်း

AA အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းခြင်း

"ငါတို့လုံခြုံရေးအတွက် စစ်တပ်နဲ့ အတူတူ သွားမယ်ဆိုရင်တော့ သူတို့ရဲ့ ရွေးချယ်မှုပေါ့"

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါလာသည့် ရဟတ်ယာဉ် ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ငယ်ဖြင့် ပစ်ခတ် ခံခဲ့ရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ရခိုင့်တပ် (AA) ဘက်က မိမိတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံထားပြီး အရပ်ဖက် အစိုးရ ဝန်ထမ်းများ လိုက်ပါခြင်းကို မသိရှိခဲ့ကြောင်း AA ဘက်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ရဟတ်ယာဉ် တိုက်ခိုက်ခံရသည်မှာ ယခု ပစ်ခတ်ခံရမှုက ပထမဆုံးအကြိမ် ဖြစ်သည်။  

တဖက်မှာလည်း ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေခြင်းကြောင့် ကျောက်တော်မှ ချင်းပြည်နယ်၊ပလက်ဝသို့ စားနပ်ရိက္ခာများ ဝယ်ယူ ရောင်းချ မှုများ မလုပ်နိုင်ဘဲ ဖြစ်နေသည့်အတွက် ပလက်ဝဒေသမှာ ဆန်၊ဆီ၊ဆား အပါအဝင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး AA အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မဇ္ဈိမမှ အကြီးတန်း သတင်းထောက် စိုးသူအောင်က ဆက်သွယ် မေးမြန်းခဲ့ခြင်းကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။       ။ ဝန်ကြီးချုပ်ပါတဲ့ ရဟတ်ယာဉ်ကို ရခိုင့်တပ် ကနေ ပစ်ခတ်ခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လိုဖြစ်တာ လဲ သိချင်ပါတယ်။

ဖြေ ။        ။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာစစ်တပ်ကတော့ ကျွန်တော်တို့ ရခိုင့်တပ် ရှိတဲ့ နေရာတွေကို နေ့စဉ်နဲ့အမျှ ရဟတ်ယာဉ်တွေ၊ မော်တာတွေနဲ့ နေ့တိုင်းနီးပါး လာရောက် တိုက်ခိုက်နေတာရှိတယ်။ အဲ့လို အချိန်မျိုးမှာ စစ်ဖြစ်နေတဲ့ နေရာမှာ ကိုယ့်ရဲ့အပေါ်ကနေ စစ်ဖက် ရဟတ်ယာဉ် ဖြတ်ပျံလို့ရှိရင်တော့ ပစ်ခတ်တာက စစ်ရဲ့သဘာဝပေါ့ဗျာ။

အဲ့တာကြောင့် ကျွန်တော်တို့က အရပ်ဖက် ပြည်သူ့ဝန်ထမ်းတွေ NGO/ INGO တွေ ခရီးသွားလာတဲ့အခါမှာ စစ်ဖက် ဆိုင်ရာ ယာဉ်တွေကို အသုံးပြုပြီး မသွားလာဖို့ပေါ့နော် အထူးသဖြင့် ဟယ်ရီကော်ပရာတွေ၊ ယာဉ်တွေ နောက်ပြီးလို့ရှိရင် မော်တော်ယာဉ်တွေ နောက်ပြီးတော့ စစ်ဖက်နဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ခရီးမသွားကြဖို့ ကျွန်တော်တို့က မနေ့ကပဲ ထုတ်ပြန်ချက် ထုတ်ပြီး တိုက်တွန်းထားတာ ရှိတယ်ဗျ။

မေး ။        ။ ဆိုတော့ ဝန်ကြီးလိုက်လာတဲ့ ရဟတ်ယာဉ်ကို AA ဘက်က ပစ်ခတ်ခဲ့ မိတာလား။

ဖြေ ။        ။ ဟုတ်တယ်။ အဲ့ဒီမှာ ဝန်ကြီးပါလာတယ်၊ မပါလာဘူးဆိုတာ ကျွန်တော်တို့ ဘက်ကလည်း သိတာမဟုတ် ဘူးလေ။ မီဒီယာတွေမှာ တက်လာမှပဲ ဝန်ကြီးပါတယ်လို့ သိတာပေါ့နော်။ သေချာတာကတော့ ကျွန်တော် တို့ ပစ်တာက စစ်ဖက် ရဟတ်ယာဉ်ကို ပစ်တာ။ ဘာကြောင့်လဲဆိုရင် အဲ့ဒီ စစ်ဖက် ရဟတ်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေက ကျွန်တော် တို့ကို နေ့တိုင်းနီးပါး လာပြီး ပစ်ခတ် တိုက်ခိုက်နေတာလေ။ ဆိုတော့ ရဟတ်ယာဉ်မျိုး လာရင်တော့ ပစ်ခတ်တာတော့ သဘာဝပေါ့ဗျာ။

မေး ။       ။ ဝန်ကြီးအဆင့်နဲ့ အထက်ဆိုရင် သူတို့ လုံခြုံရေးအရ တပ်ဖွဲ့ဝင်တွေ ပါတာရှိတယ်။ပြီးတော့ တစ်နေရာနဲ့ တစ်နေရာသွားရင် လမ်းခရီးအရ တပ်ရဟတ် ယာဉ်တွေကို ယူသုံးတာရှိတယ်။ အခု AA ဘက်က ထုတ်ပြန်ချက်ထဲမှာ ဝန်ထမ်းတွေ စစ်ဖက်နဲ့ဆိုင်တဲ့ ယာဉ်တွေ မသုံးရဘူးလို့ပါတော့ ဒါကို ဘယ်လို လုပ်ကြမလဲ။

ဖြေ ။        ။  သူတို့ ဘေးကင်း လုံခြုံဖို့အတွက် လုပ်ရမှာတော့ သူတို့ရဲ့ တာဝန်ပေါ့ဗျာ။ ကျွန်တော်တို့ ဘက်ကတော့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်။ ရဟတ်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေ သုံးပြီး ထိုးစစ် ဆင် တိုက်ခိုက် နေတယ်။ သင်္ဘောတွေကနေ နေ့စဉ်ရက်ဆက် အမြှောက်ကြီးတွေနဲ့ ရေကြောင်း ကနေပြီး ပစ်ခတ်နေတယ်။ အဲ့လို အချိန် မျိုးမှာ အရပ်ဖက် ဝန်ထမ်းတွေ အနေနဲ့ စစ်ဖက်ဆိုင်ရာတွေနဲ့ အတူတူမသွား ကြဖို့ ကျွန်တော်တို့ဘက်က ပြောရမယ့် စကား ကို ကျွန်တော်တို့ သတိပေးချက် ထုတ်ပြန် ထားတာဖြစ်တယ်။ သူတို့အနေနဲ့က ငါတို့လုံခြုံရေးအတွက် စစ်တပ်နဲ့ အတူတူ သွားမယ်ဆိုရင်တော့ သူတို့ရဲ့ ရွေးချယ်မှုပေါ့ဗျာ။

မေး ။       ။ တစ်ခုသိချင်တာက အရပ်ဖက် ရေယာဉ်တွေလည်း ရှိတယ်။နောက်ပြီးတော့ ကားတွေပေါ့။ အဲ့ဒီမှာ တပ်ဖွဲ့ဝင် တချို့က အသုံးပြုတာ ရှိမယ်။ အတူတူ မသွားရဘူးဆိုပြီး နေခဲ့ရင်လည်း ခရီးကြန့်ကြာမယ်လေ။ ဆိုတော့ အဲ့တာက လက်တွေ့ ဖြစ်နိုင်ပါ့မလား။

ဖြေ ။        ။ ဒီဟာက ခဏက ပြောထားသလိုပဲ။ စစ်ဖက်နဲ့ ပတ်သက်တဲ့ လူတွေနဲ့ အတူတူ ခရီးမသွားကြဖို့ ကျွန်တော်တို့ ဘက်က ပြောထားပြီးပြီ။ စစ်ဖက်ဆိုင်ရာ တွေကလည်း အရပ်ဖက်ကားတွေကို အသုံးပြုပြီးတော့မှ အရပ်သား ပုံစံမျိုး သွားလာ နေတာလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ လိုအပ်လို့ စစ်ဆေးပြီး စစ်ဖက်နဲ့ဆိုင်တဲ့ သူတွေကို တွေ့ရင်တော့ ထုံးစံအတိုင်း ထိန်းသိမ်းမှာပေါ့။ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့ ကျွန်တော်တို့ ဘက်က အသိပေး ထုတ်ပြန်ရ မယ့် ထုတ်ပြန်ချက်တွေကို တားမြစ်ချက်တွေကို ပြောထားပြီးပြီ။ အဲ့ကြားထဲကမှ အတူတူ သွားတယ်ဆိုရင်တော့ သူတို့ရဲ့ ရွေးချယ်မှုပဲပေါ့ဗျာ။

မေး ။        ။ နောက်တစ်ခုက တိုက်ပွဲတွေကြောင့် ပလက်ဝမှာ ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ ကြားရတယ်။ အဲ့တာနဲ့ပတ်သက်လို့ တိုက်ပွဲတွေက အခု ဘယ်လိုရှိလဲ၊ ဒေသခံတွေ လွတ်လွတ်လပ်လပ် စားနပ်ရိက္ခာ သယ်လို့ ရပြီးလား။

ဖြေ ။        ။ ကျွန်တော်တို့ ဘက်ကတော့ ခွင့်ပြုထားပြီဗျ။ မနေ့က ကြေငြာချက်ထဲမှာ ပါသလိုပဲ ဒေသခံပြည်သူတွေ အတွက် ရိက္ခာဆိုလို့ ရှိရင်တော့ ဘာမှ အတားအဆီး လုပ်မှာ မဟုတ်ဘူး။ လမ်းခရီးမှာ လိုအပ်တဲ့ လုံခြုံရေး အကူအညီ တွေလည်း အကောင်းဆုံး ပေးသွားဖို့ အစီအစဉ် လုပ်ထားပြီးသားရှိတယ်။ စစ်ဖက်ဆိုင်ရာ ရိက္ခာမဟုတ်ဘူးဆိုရင် အခြေခံ လူသုံးကုန် မှန်သမျှကိုတော့ ဘာမှ လုပ်စရာမရှိဘူး။ အကောင်းဆုံး အကူအညီ ပေးသွား ဖို့ပဲ ရှိတယ်။

မေး ။        ။ တပ်ရိက္ခာ၊ ပြည်သူတွေအတွက် ရိက္ခာဆိုတာက ဘယ်လိုခွဲလဲ၊ ဘယ်လိုပုံစံခွဲမလဲ။

ဖြေ ။        ။ ဒီဟာက စစ်တိုက်နေတဲ့ အဖွဲ့အစည်း အချင်းချင်းတော့ သိတာပေါ့ဗျာ။ ဘယ်သူ့ဥစ္စာ ဘယ်လောက် ပါလာ တယ်ဆိုတာ သိပြီးသား ကိစ္စတွေပေါ့၊ အဲ့တာမို့လို့ ပြောတာပါ။ ပြည်သူတွေကလည်းပဲ တပ်ဖွဲ့က ငါတို့ဟာ မင်းတို့ ဒီလောက် ယူသွားဆိုပြီး ပြောတာကို ယူမလာဖို့တော့ လိုတာပေါ့။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...