တရုတ်သို့ ပို့နေရသည့် သစ်သီးဝလံများ လာအိုနှင့် စင်ကာပူနိုင်ငံသို့ ပို့ဆောင်နိုင်ရေး ကြိုးပမ်းနေဟု ဆို

တရုတ်သို့ ပို့နေရသည့် သစ်သီးဝလံများ လာအိုနှင့် စင်ကာပူနိုင်ငံသို့ ပို့ဆောင်နိုင်ရေး ကြိုးပမ်းနေဟု ဆို

ကျော်ဝေမင်း — တရုတ်နိုင်ငံသို့ အဓိကပို့နေရသည့် သစ်သီးဝလံများအား လာအိုနှင့် စင်ကာပူနိုင်ငံများသို့ ပို့ဆောင်နိုင်ရန် ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်- မြန်မာ နယ်စပ် ဝင်ထွက် သွားလာခွင့်များ တင်းကြပ်ထားသည့်အတွက် မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသော သစ်သီးဝလံများ ပို့ဆောင်၍ မရဖြစ်လာခြင်းကြောင့် စိုက်ပျိုး တောင် သူများနှင့် ကုန်သည် များ နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေး လာအိုနှင့် စင်ကာပူနိုင်ငံများသို့ ပြောင်းရွေ့ပို့ဆောင်နိုင်ရန် ကြိုးပမ်းနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ဆန်၊ ပြောင်း၊ ဆိတ်ကတော့ ပို့နေရတယ်၊ ဒါပေမယ့် တရုတ်ဘက်ကိုသွား နေတဲ့ သစ်သီးဝလံတွေ မပို့ရတော့တဲ့အတွက် လာအိုဘက်ကို ပြောင်းပို့ဖို့အတွက် ကမ်းလှမ်းထားတယ်၊ စင်ကာပူဘက်ကို လည်း ဖရဲ၊ သခွားတွေ ယူနိုင်မလားဆိုပြီး ကမ်းလှမ်းထားတာတော့ ရှိတယ်၊ ဒါပေမယ့် အကြောင်းတော့ မပြန်သေးဘူး” ပြောသည်။

လက်ရှိတွင် လာအိုနိုင်ငံဘက်မှ ကျွဲနှင့် နွားများကို တင်ပို့ပေးရန် လာရောက် ကမ်းလှမ်းလျက်ရှိပြီး သစ်သီးဝလံများကိုမူ တင်ပို့နိုင်ရေး မြန်မာနိုင်ငံဘက်မှ ကမ်းလှမ်းထားကြောင်း သိရသည်။

“ စင်ကာပူဘက်ကိုလည်း ကမ်းလှမ်းထားတယ်၊ ဒါပေမယ့် သူတို့ဘက်က ရေကြောင်းခရီးနဲ့ သွားရဖို့ရှိတယ်၊ အဓိက ကတော့ ဖရဲနဲ့ သခွားကို တင်ပို့နိုင်ဖို့ ကမ်းလှမ်းထားတာပါ” ဟု ဦးခင်မောင်လွင်က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာ-တရုတ် နယ်စပ် ဝင်ထွက်ခွင့်ဂိတ်များကို ပိတ်ထားခြင်းကြောင့် မူဆယ်မှာ ဆန်၊ ပြောင်း၊ ဖရဲနှင့် သခွားများ အအေးဂိုဒေါင်များဖြင့် သိုလှောင်ထားရကြောင်း၊ ဝင်ထွက်ခွင့် ပြန်လည် ခွင့်ပြုလာပါက ချက်ချင်းတင်ပို့နိုင်ရန် စီစဉ်ထားကြောင်း မူဆယ်မြို့ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

မူဆယ်မြို့ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “ဆုံးရှုံး နစ်နာရမှုကတော့ အများကြီးပေါ့၊ တစ်ဧကကို သိန်း ၂၀ နှုန်း လောက် ရှုံးကြတယ်၊ ဧကများရင် များသလို အရှုံးပေါ်ကြမှာပေ့ါ၊ အခုတော့ သူတို့ဘက်က သတင်း ကိုပဲ စောင့်ပြီး ပို့လိုက်ရမယ့် အချိန်ပဲ စောင့်နေရတယ်” ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်စည် စီးဆင်းမှုသည် လစဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖိုးခန့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။

တရုတ်နိုင်ငံတွင် အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်) ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသူ ၇၂၂ ဦးရှိပြီး ကူးစက်ခံရသူ ၃၅၀၀၀ နီးပါး ရှိလာသည့်အတွက် မြန်မာ-တရုတ် နယ်စပ် ဂိတ်များတွင် ဝင်ထွက် သွားလာခွင့်များကို နှစ်နိုင်ငံစလုံးက တင်းကြပ်လျက်ရှိရာ မြန်မာနိုင်ငံမှ သွင်းကုန်များ တင်ပို့၍ မရဘဲ ဖြစ်နေသည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...