တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါ (Novel coronavirus)အကြောင်း သင်သိသင့်သမျှ

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါ (Novel coronavirus)အကြောင်း သင်သိသင့်သမျှ

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Coronavirus ဆိုတာ ဘာလဲ

လူမှာတွေ့ရတဲ့ corona virusတွေကို ၁၉၆၀နှစ်လယ်ပိုင်းလောက်က စတွေ့ခဲ့တာပါ။ လူကို ကူးစက်နိုင်တဲ့ corona virus တွေကတော့

  • 229E (alpha coronavirus)
  • NL63 (alpha coronavirus)
  • OC43 (beta coronavirus)
  • HKU1 (beta coronavirus)
  • MERS-CoV (မားစ်ဖြစ်စေသော ဗိုင်းရပ်စ်)
  • SARS-CoV  (ဆားစ်ဖြစ်စေသော ဗိုင်းရပ်စ်)

     

2019 Novel coronavirus (2019-nCoV) (တရုတ်ပြည် ဝူဟန်မြို့တွင် တွေ့ရသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်) တွေပဲဖြစ်ပါတယ်။

ဒါတွေထဲက ယခုလက်ရှိ ဖြစ်ပွားနေတဲ့ 2019-nCoVအကြောင်းကို ဆက်ပြောပါမယ်။

2019-nCoV အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်ရဲ့ နောက်ဆုံးသတင်း

၂၀၁၉ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ ပြင်းထန်အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ခဲ့ကြပါတယ်။ စုံစမ်းကြည့်လိုက်တော့ ဝူဟန်မြို့မှာရှိတဲ့ သားငါးနဲ့ ပင်လယ်စာလက်ကားစျေးနဲ့ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် ၁ရက်နေ့ကစပြီး စျေးကိုပိတ်သိမ်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။

ဇန်နဝါရီ၉ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဒါဟာ Novel coronavirusကြောင့်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ လူပေါင်း၅၀၀ခန့်ကူးစက်ခံရပြီး သေဆုံးသူ၁၇ယောက်အထိရှိသွားပါပြီ။ ‌သေဆုံးသူ၁၇‌ယောက်က အသက်၄၈နှစ်နဲ့ ၈၉နှစ်ကြားပါ။ ဗိုင်းရပ်စ်က ဗီဇပြောင်းလဲပြီး ပိုပျံ့နိုင်ခြေရှိတယ်လို့လဲ ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ ၁၃ရက်နေ့က၊ ဂျပန်နိုင်ငံမှာ ၁၆ရက်နေ့က၊ အမေရိကန်မှာ ၂၁ရက်နေ့က ကူးစက်ခံရသူရှိပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုးရီးယားမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရပြီလို့ အတည်ပြုလိုက်ပါပြီ။

ကူးစက်နည်းများ

2019-nCoVက coronavirus အမျိုးအစားဖြစ်တဲ့အတွက် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြေများပါတယ်။ ဒါ့ပြင် လူလူချင်းကူးစက်တာကိုပါ တွေ့နေရပြီး ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တာလဲဆိုတာ မသိရသေးပါဘူး။

ရောဂါလက္ခဏာနဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်

  • ဖျားမယ်။
  • ချောင်းဆိုးမယ်။
  • မောမယ်။ အသက်ရှူရခက်မယ်။

ဒီထက်ပိုဆိုးလာရင်တော့

  • အဆုတ်ရောင်မယ်။
  • ကျောက်ကပ်ပျက်စီးမယ်။
  • အသက်သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။

ကုသနည်း

2019-nCoV အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။

ကာကွယ်နည်းများ

WHOက ထုတ်ပြန်ထားတဲ့ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းလမ်းတွေကတော့

-ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိတဲ့သူတွေနဲ့ အနီးကပ်နေတာကို ရှောင်ပါ။

  • လူထူတဲ့နေရာကို မသွားပါနဲ့။
  • နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်လုံအောင် အဝတ်ဒါမှမဟုတ် နှာခေါင်းစည်း သုံးပါ။
  • တိရစ္ဆာန်များနဲ့ အကာအကွယ်မရှိဘဲ တိုက်ရိုက်မထိတွေ့ပါနဲ့။
  • အသား၊ငါးများကို ကျက်အောင်ချက်ပါ။ အသားစိမ်း၊ ငါးစိမ်း၊ ကလီစာတွေနဲ့ နို့အစိမ်းတွေကို သတိထားကိုင်တွယ်ပါ။ ချက်ပြီးသားဟင်းတွေနဲ့ ရောမထားပါနဲ့။
  • မကြာခဏလက်ဆေးပါ။-သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ သတိထားပါ။

မြန်မာနိုင်ငံကိုရော ရောက်လာနိုင်လား။ဘာတွေပြင်ဆင်ထားရမလဲ။

တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ရောဂါပိုးဝင်ရောက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်/ရေဆိပ်နဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတဆင့် ဝင်ရောက်လာတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက် (Travel advice)ကို လိုက်နာရပါမယ်။ တစ်ကိုယ်ရည်ကာကွယ်နည်းအနေနဲ့ကတော့ အပေါ်မှာ ပြောထားတဲ့ WHOရဲ့ထုတ်ပြန်ချက်ကို လိုက်နာရပါမယ်။ မိမိမှာ သံသယလက္ခဏာရှိနေရင်လည်း ဆေးရုံကို အမြန်သွားရောက်ကုသရပါမယ်။

[ ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...
June 18, 2026
ကရင်နီပြည်အတွင်း ငှက်ဖျားရောဂါ လျှော့ချပပျောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ်မှာ...
June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...