ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာ ဘာလဲ

ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာ ဘာလဲ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည့် နှစ်ရက်တာ ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု စီမံကိန်းကြီးတစ်ခုဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်သော သတင်းများ ပြန်ထွက်လာခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာကို အများပြည်သူက တရားဝင် စတင်ကြားခဲ့ရသည်က ၂၂ ရက်၊ သြဂုတ်လ ၂၀၁၄ ခုနှစ်တွင်ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆွေးနွေးချက်က စတင်သည်။ ထိုစဉ်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များတွင် မြေဧက ၃၀၀၀၀ ပေါ်တွင် အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမတိုင်ခင်ကတော့ မြို့သစ်စီမံကိန်း ကောလဟလများ ရှိနေခဲ့ပြီး မြေကွက်အရောင်းအဝယ်များ အားကောင်းလိုက်၊ ရပ်လိုက် ဖြစ်နေခဲ့သည်။

စီမံကိန်းတာဝန်ယူမည့် ကုမ္ပဏီများ

ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့သော်လည်း တရုတ်က ထိန်းချုပ်သွားနိုင်မည်ဆိုသော ဝေဖန်ကန့်ကွက်မှု များရှိခဲ့ပြီးနောက် မြို့သစ်တည်ဆောက်ရန် ကုမ္ပဏီများအဖြစ် ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေးကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီနှင့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုကို ပြန်လည်ရွေးချယ်ပေးခဲ့ရသည်။

အစိုးရအကူးအပြောင်းတွင် စီမံကိန်းအတွက် ရှေ့တိုးမှု ရပ်ဆိုင်းသွားခဲ့ပြီး အန်အယ်ဒီ အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်ရောက်လာသည့်အချိန် ကြံ့ခိုင်ရေးအစိုးရလက်ထက် ရွေးထားသော ကုမ္ပဏီများကို ပယ်ဖျက်လိုက်ပြီး စီမံကိန်းအတွက် New Yangon Development (NYDC) ကို ထူထောင်ကာ တရုတ်အစိုးရ ကျောထောက်နောက်ခံ China Communications Construction Company (CCCC) ကို မူဘောင်သဘောတူညီချက် Framework Agreement လက်မှတ်ရေးထိုးကာ အသစ်ရွေးချယ်ပြန်သည်။

စီမံကိန်းဧရိယာပိုကြီးလာ

ယခင်က စီမံကိန်းအတွက် မြေဧက ၃၀၀၀၀ ပေါ်တွင်သာ ရည်ရွယ်ခဲ့သော်လည်း ဦးဖြိုးမင်းသိန်းလက်ထက်တွင် ငါးဆကျော် ကြီးထွားလာခဲ့ရာ မြေဧကပေါင်း ၁၆၈,၀၀၀ အထိ ဖြစ်လာသည်။

CCCC ၏ ငွေကြေးစိုက်ထုတ်မှု

မြို့သစ်စီမံကိန်းတွင် CCCC (သို့) NYDC တွင် CCCC ကို ပြိုင်ပြီးနိုင်သည့် ကုမ္ပဏီနှင့် NYDC ကုမ္ပဏီတို့ ဖက်စပ်လုပ်ကာ CCCC က အမေရိကန် ဒေါ်လာ သန်း ၁၆၈၀ စိုက်ထုတ်မည်ဖြစ်ပြီး ထိုသို့ စိုက်ထုတ်သည့် ဒေါ်လာ သန်း ၁၆၈၀ ကို Internal Rate of Return (IRR) ၁၃ ရာခိုင်နှုန်းဖြင့် တွက်၍ အတိုးအရင်းနှုတ်ယူမည့် အရင်းကျေကာလ ၁၅ နှစ် သတ်မှတ်ထားသည်။

အကျိုးအမြတ်ခွဲဝေမှု

စီမံကိန်းကာလမှာ အနှစ် ၃၀ သတ်မှတ်ထားပြီး နှစ် ၃၀ အတွင်း CCCC က သန်း ၁၆၈၀ နှင့် IRR ၁၃ ရာခိုင်နှုန်း တွယ်ယူနေမည်ဖြစ်ကာ စိုက်ထုတ်ငွေရင်းနှင့် ပြန်မရသေးသည့် အခြေအနေတွင် CCCC က ဝင်ငွေ၏ ၉၅ ရာခိုင်နှုန်းအထိ ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၅ ရာခိုင်နှုန်းသာရနေမှာဖြစ်သည်။

သို့သော် စိုက်ထုတ်ကျခံထားငွေနှင့် IRR ကြေသောအခါ မြန်မာက ၂၅ ရာခိုင်နှုန်းနှင့် CCCC (or) NYDC Challenge နိုင်သည့် ကုမ္ပဏီက ၇၅ ရာခိုင်နှုန်း ခွဲယူရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဆုံးဖြတ်ခွင့်

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဒေါ်လာ ၅ သန်းအထိသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

စီမံကိန်းပြန်လည်အသက်ဝင်

ရန်ကုန်မြို့သစ် စီမံကိန်းကို ပြန်လည်စတင်မည်ဟု ၃၁ ရက်၊ မတ်လ၊ ၂၀၁၈ ခုနှစ်တွင် အစိုးရက ကြေညာခဲ့သည်။ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ၏ ဥက္ကဌအဖြစ် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အမှုဆောင် အရာရှိချုပ်အဖြစ် Serge Pun and Associates လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ ဒါရိုက်တာအဖြစ် ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းတို့ အပါအဝင် လွတ်လပ်သော ဒါရိုက်တာ နှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

၂၀၂၀ ခုနှစ် ရန်ကုန်မြို့သစ် စီမံကိန်း  အခြေအနေ

ရန်ကုန်မြို့သစ် စီမံကိန်းမှ ရင်းနှီးငွေများမှာ စစ်ဆေးချိန်အထိ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေး၍ ဘဏ်တိုးများသာရရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီရင်ခံစာမှ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ဖော်ဆောင်ရန် တည်ထောင်ခဲ့သည့် ရန်ကုန်မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ လုပ်ငန်းစာရင်းများကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်ဆေးချိန်အထိ ထည့်ဝင်ထားငွေ၏ ၁၂.၃၈ ရာခိုင်နှုန်း သုံးစွဲထားပြီး ဖြစ်သည်ဟု တိုင်းစာရင်းစစ်ချုပ်က ၈ ရက်၊ ဇန်နဝါရီ ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...