သိန်းဇော် (မောင်တော) — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ကျောင်းဆရာတစ်ဦးနှင့် ရခိုင်လူမျိုးနှစ်ဦးတို့အား သတ်ဖြတ်ခဲ့မှုမရှိဟု ရက္ခိုင့်တပ်တော်(AA)က ပြောခွင့်ရသူက ငြင်းဆိုလိုက်သည်။
ခူမီး၊ ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်ရေးကောင်စီ ( Khumi Affairs Coordanation Council- KACC) မှ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တစ်ခုတွင် ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းက ပလက်ဝမြို့နယ် ဆီးဖလောင်းကျေးရွာမှ ချင်းလူမျိုးကျောင်းဆရာ ဦးအာဗေလ(၅၅)နှစ်နှင့် ရခိုင်လူမျိုးနှစ်ဦးတို့သည် ကြက်ဥဝကျေးရွာသို့ရောက်ရှိနေစဉ် အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ၎င်းတို့ မှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းသတင်းထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောခွင့်ရသူ ခိုင်သုခကို မေးမြန်းရာ ထိုသို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “အဲဒီကိစ္စက ကျနော်တို့နှင့် လုံးဝပတ်သက်မှုမရှိဘူး။ သူတို့ပြောထားတဲ့ အခင်းဖြစ်တဲ့နေရာကလည်း ခမရ ၂၈၉ ပေါ့နော်။ ပလက်ဝရဲ့တစ်ဖက်ကမ်း ခမရ ၂၈၉ ရဲ့ နောက်ကျောမှာတည်ရှိတဲ့နေရာဖြစ်တယ်။ အဲဒီနေရာက ဗမာစစ်တပ်တွေ လုံခြုံရေးထူထူထပ်ထပ်ချထားတဲ့နေရာဖြစ်တယ်။ အဲဒီနေရာထဲက ကျနော်တို့က လာဖမ်းသွားတယ် ဆိုတဲ့ဥစ္စာကတော့ ဒါအခြေအမြစ်အရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်”ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာကို ပြောသည်။
ခူမီး၊ ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက ၎င်းတို့သုံးဦးအား အေအေအဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ကြက်ဥဝရွာသားများက ပြောဆိုသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။
ဦးစောမြက “ကျနော်တို့ဆီမှာ စစ်တပ်နဲ့ အေအေပဲရှိတာ။ အေအေအဖွဲ့က လုပ်တယ်ဆိုတာ အဓိက ရွာသားတွေသိတယ်။ ရွာသားတွေပြောတဲ့စကားမှားရင်တော့ ကျနော်တို့ထုတ်ပြန်ချက်မှားတာပေါ့။ ရွာသားတွေပြောတဲ့စကားမှန်ရင်တော့ ကျနော်တို့ထုတ်ပြန်ချက်မှန်တာပေါ့”ဟု နိရဥ္စရာကို ပြောသည်။
အေအေအလက်နက်ကိုင်အဖွဲ့အနေဖြင့် ယခင်ကလည်း ပလက်ဝမြို့နယ်မှ ပွီးပုန်းကျေးရွာမှ ပညာရေးဝန်ထမ်း ချင်းလူမျိုးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးသည့်အတွက် ယခုကဲ့သို့ ပညာရေးဝန်ထမ်းများအား ဦးတည်ပြီး အသက်အန္တရာယ်ကို ထိပါးလာခြင်းသည် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်နေခြင်းဖြစ်သကဲ့သို့ ပညာသင်ကြားရေးကိုပါ ထိခိုက်နစ်နာစေသည်ဟုလည်း ခူမီး၊ ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ပလက်ဝမြို့နယ် ကျီးလေကျေးရွာတွင် အေအေလက်နက်ကိုင်အဖွဲ့ဝင်းတစ်ဦးက လက်နက်ဖြင့် ခြိမ်ခြောက်ကာ ကျေးရွာရှိ အမျိုးသမီးတစ်ဦးအား အဓမ္မသိမ်းပိုက်ရန် ကြိုးစားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “အမျိုးသမီးတစ်ယောက်ကို လိပ်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တာရှိတယ်ဆိုတဲ့ဥစ္စာကတော့ သူတို့တကယ် အဲလိုမျိုး ကျနော်တို့ တပ်ဖွဲ့တွေ အနေနဲ့ အဲလိုမျိုးလုပ်တာရှိလို့ရှိရင် ဘယ်သူ့သမီးကိုလုပ်တာလဲဆိုတဲ့ဥစ္စာကို ကျနော်တို့ဆီကို အချက်အလက် အခိုင်အမာနဲ့ တိတိကျကျနေပြီးတော့ ပြောပါ။ ကျနော်တို့ ဘက်က ဒါစုံစမ်းစစ်ဆေးသွားဖို့ အဆင်အသင့်ရှိတယ်။ တကယ်လို့ အဲလိုမျိုးကျူးလွန်လို့ရှိရင် ကျူးလွန်တဲ့သူကို ကျနော်တို့ဘက်က ပြတ်ပြတ်သားသား အရေးယူဖို့ အတွက် အသင့်ပါ။ တိတိကျကျအချက်အလက်တွေမပါဘဲနဲ့ ဖြစ်ကတတ်ဆန်း ပြောတာမျိုးကတော့ ဒါလက်ခံနိုင်စရာ မရှိဘူးဗျ။”ဟု နိရဥ္စရာကို ပြောသည်။







