မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တွင် ပါဝင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အလွတ်သဘောတွေ့မယ်လို့ကြားပါတယ်။ တွေ့ရင်တော့ ဒီနေ့ပဲဖြစ်မှာပါ။ ဒီနေ့တွေ့တာ ဖြစ်မှာပါ။ တနင်္ဂနွေနေ့ပေါ့နော။တွေ့တာကတော့ တရုတ်ပြည်ဖက်မှာ ထင်တယ်။ အတိအကျ သူတို့လည်းဘာမှ ပြောမထားဘူး” ဟုပြောသည်။
အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့၏ကိုယ်စား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဦးလနန် ဦးဆောင်သွားသည်ဟု သိရသည်။
တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ KIO က ယခုလိုပြောသည်။
“ရှေ့ဆက်ပြီးမှ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့ဖြစ်စဉ်ကို ဘယ်လိုအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းတွေကို ဆွေးနွေးဖို့ပဲထင်တယ်။ တစ်ခြားအချက်အလက်တွေ ဆွေးနွေးဖို့တော့ မဟုတ်လောက်ပါဘူး။ အလွတ်သဘောတွေ့တဲ့ ဆွေးနွေးပွဲပဲဖြစ်တယ်ဆိုတော့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း နှစ်ဖက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားသော်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာ ညှိနှိုင်းရာတွင် နှစ်ဖက် ပြေလည်မှု မရရှိသည့်အတွက် ဆွေးနွေးပွဲမှာ ပြတ်တောက်ခဲ့ရ သည်။
ယခုပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အကြား ပြတ် တောက်နေသည့် တရားဝင်ဆွေးနွေးပွဲသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ကျိင်းတုံဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပြီး အဆိုပါအချက်များမှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး၊ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း စည်းများကို တပ်မ တော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် တို့ဖြစ် သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု သိရသည်။
တပ်မတော်ဘက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ တပ်တည်နေရာများ နောက်ဆုတ်ရန် တောင်းဆိုထားပြီး မဟာမိတ် ၄ ဖွဲ့ဘက်မှ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့တွင် တရုတ် ကိုယ်စားလှယ်ပါဝင်ရန် တောင်းဆိုထားသည်။
၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။







