နမ့်ဆန်မြို့ အနီး တိုက်ပွဲများဖြစ်ပွား ဒေသခံများ ရွာပြင်တွင် ပုန်းရှောင်နေရ

နမ့်ဆန်မြို့ အနီး တိုက်ပွဲများဖြစ်ပွား ဒေသခံများ ရွာပြင်တွင် ပုန်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း ဒီဇင်ဘာ ၁၃ ရက်  နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့  မနက် ၆နာရီခွဲ မှစတင်ကာ နမ့်ဆန်မြို့နယ် ကယားလမ်းရွာ အနီးပတ်ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွား ကြောင်း ကယားလမ်းရွာ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနက်က ၆နာရီခွဲကနေ ၁၀နာရီထိ ဖြစ်တယ်။ ရွာ အောက်ဘက်နားမှာပါ။ မနက်စာတောင် မစားရသေးဘဲ ကျမတို့ ထွက်ပြေးရတယ်။ အခုထိ ရွာထဲ ပြန်မဝင်ရဲသေးဘူး” ဟု တိမ်းရှောင်နေရသည့် ကယားလမ်းရွာ ဒေသခံ လွေးခမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ အချိန်တွင် တိုက်ပွဲများ ရပ်သွားသော်လည်း ကယားလမ်းရွာ ဒေသခံ များသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ရွာပြင် တွင် ပုန်းရှောင်နေရသေးကြောင်း လည်း လွေးခမ်း က ပြောသည်။

“ ကျမတို့ ရွာထဲမှာ မြန်မာတပ်တွေ ရှိနေတယ်။ ဒါကြောင့်ကျမတို့ မဝင်ရဲသေးဘူး။ နည်းနည်းဝေးတဲ့ချောင်းဘက်မှာ ပုန်းနေတုန်းပဲ” ဟု လွေးခမ်းက ဆိုသည်။

ယနေ့ ဖြစ်ပွားသည့် နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာ ပတ်ဝန်းကျင် သည် လွန်ခဲ့သည့် ၂လ ကျော်တွင် တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးများ ကျသည့်နေရာဖြစ်ကာ ဒေသခံများ နမ့်ဆန်မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နေရာ လည်း ဖြစ်သည်။

“ မနက်က ကျမတို့ နမ့်ဆန် နားထိ လက်နက်ကြီးသံတွေ ကြားရတယ်။ တိုက်ပွဲက ကယားလမ်းရွာမှာဖြစ်တာ။ စစ်ရှောင်တွေကတော့ ထွက်မလာသေးဘူး” ဟု နမ့်ဆန်မြို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း မှ လွေးအေးမိုင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲဖြစ်သည့် နေရာသည် နမ်ဆန်မြို့ နှင့် ၃မိုင်သာ ကွာဝေးသည့်နေရာဖြစ်ကြောင်း လည်း လွေးအေးမိုင် က ပြောသည်။

“ ဒီတခါ ဖြစ်တဲ့တိုက်ပွဲက အရင် ၂လကျော်လောက်တော့မပြင်းဘူး။ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ ဒေသခံတွေကတော့ ကြောက်လို့ရွာထဲ ကို မပြန်ရဲသေးဘူး” ဟု လွေးအေးမိုင် က ဆိုသည်။

နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်သည် မကြာခဏ တိုက်ပွဲများဖြစ်ပွားကာ ဒေသခံများအနေဖြင့် စားဝတ်နေရေး ရှာဖွေရခက်ကြောင်း၊ လုံခြုံစိတ်ချစွာ နေထိုင်မှု မရကြောင်းလည်း နမ့်ဆန်ဒေသခံများက ပြောဆိုလိုက်သည်။

သျှမ်းပြည် မြောက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ရပ်တန့်ပေးရန် လည်းနမ့်ဆန်ဒေသခံများက တောင်းဆိုလိုက်သည်။

April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...
April 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌...
April 4, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု...