နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား

နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား
Photo Credit to PSLF/TNLA
Photo Credit to PSLF/TNLA

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ယနေ့ မနက် ၇ နာရီခွဲ ကျော် တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) နှင့် မြန်မာ့ တပ်မတော် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် နမ့်ခမ်းမြို့နယ် နမ့်စန့်ကျေးရွာ အနီး ရှိ TNLA တပ်စခန်းကို မြန်မာ့တပ်မတော်မှ ဝင်ရောက် ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည် ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တိုက်ပွဲက မနက် ၇နာရီ ၄၀ ကနေ ၈နာရီ ၁၅မိနစ် ဖြစ်သွားတယ်။ မိနစ် ၂၀ကြာတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ က ကျေးရွာတွေနဲ့ ဝေးပါတယ်” ဟု ဗိုလ်မှူး တားအိုက်ကျော် က ပြောသည်။

ယနေ့ TNLA နှင့် မြန်မာ့ တပ်မတော်တို့သည် ဒီဇင်ဘာလအတွင်း ပထမဆုံး အကြိမ်ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်ကြောင်းလည်း တားအိုက်ကျော် က ပြောသည်။

“ ဒီမနက် ကဖြစ်တာ။ သေနတ်သံတွေကတော့ မိန်းဝီးထိ ကြားရတယ်။ ကျေးရွာနဲ့တော့ ဝေးတယ်။ ခဏပဲ ဖြစ်တော့ ကားလမ်းတော့ မပိတ်ဘူး” ဟု နမ့်ခမ်း- မန်းဝီ သွားကားမောင်းသည့် ကားသမား တဦးက ပြောသည်။

တိုက်ပွဲက ကျေးရွာ များနှင့်ဝေးကွာသည့်အတွက် ကားလမ်းများပိတ်ခြင်းမရှိကြောင်း၊ လိုင်းကားများ ပုံမှန်ပြေးဆွဲနေကြောင်းလည်း ၎င်း ကားသမား က ပြောသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲနေရာသည် မကြာခဏထိတွေ့မှု ရှိကြသည့်နေရာဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် လများတွင် TNLA နှင့် မြန်မာ့ တပ်မတော် သည် ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...