သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီး၌ ယနေ့ မနက်တွင် လက်နက်ကြီးကျကာ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိ၊ တဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ မနက် ၈နာရီ တွင် နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီးတွင် လက်နက်ကြီး ကျကာ အသက် ၂၀ အရွယ်ရှိ မအို သေဆုံးပြီး၊ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား ပါတီ (TNP) ဥက္ကဌ တာအိုက်ထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ သေဆုံးသူ ကိုတော့ ကျနော်တို့ အခု နမ္မတူ ရင်ခွဲရုံမှာ ထားတယ်။ ခဏနေရင် သဂြိုလ်မယ်။နောက် ခြေထောက်ကျည်စ ထိမှန်သူ အသက် ၃၀ကျော်ကို ကျနော်တို့ လားရှိုးဆေးရုံပို့ထားတယ်။ ကျန်တယောက်ကတော့ ဒဏ်ရာ သိပ်မပြင်းတော့ နမ္မတူဆေးရုံမှာပဲ” ဟု တာအိုက်ထိုက် က ဆိုသည်။
ခြေထောက် ကျည်စ ထိမှန်သည့် သူကို လားရှိုးဆေးရုံသို့ ပို့ဆောင်ကာ ကျည်စ၊ ယမ်းစ ရှိ၊ မရှိ ဓာတ်မှန်ရိုက်မည်ဖြစ်ပြီး၊ ဒဏ်ရာမှာ အနည်းငယ် ပြင်းထန်သည်ဟုလည်း တာအိုက်ထိုက် က ပြောသည်။
“ကျနော်တို့ ဒဏ်ရာရတဲ့သူတွေကို သွားခေါ်တုန်းက တိုက်ပွဲတွေ က ဖြစ်နေတုန်းပဲ၊ အခုလည်း ဖြစ်နေတယ်”ဟု တာအိုက်ထိုက် က ပြောသည်။
ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲသည် မြန်မာ့တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ ဖြစ်ပွားသည့် တိုက်ပွဲ ဟု ဒေသခံများ ပြောကြားချက် အရသိရသည်။
“ တိုက်ပွဲကတော့ အခုထိ ဖြစ်နေတုန်းပဲ။ မနက်ကတော့ တော်တော်ပြင်းတယ်။ စစ်ရှောင်တွေကတော့ မထွက်လာသေးဘူး” ဟု မန်စံ ဒေသခံ စိုင်းစောလှ က သျှမ်းသံတော်ဆင့်သို့ပြောသည်။
မြန်မာ့တပ်မတော်နှင့် RCSS/SSA သည် နမ္မတူမြို့နယ် အတွင်း ယမန်နေ့ မနက် မှစတင်ကာ ယနေ့ထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတပ်များကို သျှမ်းသံတော်ဆင့် မှ စုံစမ်းမေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
Photo by မန်ဝါကျေးရွာ အဝင်ဆိုင်းဘုတ်ပုံ







