ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများလိုအပ်နေပြီး အကူအညီပေးရေး အဖွဲ့များအားလည်း တပ်မတော်မှ လုံခြုံရေးအရ သွားခွင့်မပြု သောကြောင့် အခက်အခဲများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့ အခြေစိုက် အိုမ်တမောင်း လူမှုကူညီရေးအသင်းအဖွဲ့မှာလည်း ယခုရက်ပိုင်းအတွင်း မိုင်းငေါ့ ဒေသ ဘက်ရှိ ခေကွဲနှင့် ကျောက်တော်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင်များတွက် စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများ သွားရောက်ကူညီရာ တပ်မတော်မှ တားဆီးခဲ့မှုကြောင့် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရသည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အဓိက သူတို့စားနပ်ရိက္ခာတွေ လိုအပ်နေလို့ ခေကွဲရယ် ကျောက်တော်ရယ် အဲဘက်မှာ လာကူတဲ့ သူလည်း မရှိတော့လေ။ အဲဘက်ကို သူတို့က အရေး ပေါ်စားသောက်ရိက္ခာလိုတယ်ဆိုလို့ ကျနော်တို့ အဲမှာ သွားကူလိုက်တာ။ ကျနော်တို့က ၂၅ ရက် နေ့တုန်းက သွားတယ်၊ တိုက်ပွဲရှိတယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် ပစ်သံတွေ ခတ်သံတွေတော့ မကြားဘူးပေါ့နော်။ ကျနော် တို့ အဖွဲ့က ယောက်ကျားလေးတွေပဲ ၁၀ ယောက်လောက်ရှိမယ်။ တပ်မတော်ဘက်ကတော့ လေးငါးဆယ်လောက်ရှိနေတယ်။ ကားတိုင်းကို စစ်တာပေါ့”
တိုက်ပွဲဖြစ်သည်ဆိုကာ နိုဝင်ဘာလ၂၅ ရက်နေ့တွင် တပ်မတော်ဘက်မှ တားဆီးထားသောကြောင့် အိုမ်တမောဝ်း လူမှုကူညီရေးအသင်း သွားရောက်လှူဒါန်းသည့် ပစ္စည်းများနှင့် လွယ်အိတ်များ စစ်ဆေးခံရသည်ဟု အိုမ်တမောဝ်းအဖွဲ့က ပြောသည်။
“သူတို့က အိတ်တွေက အစ ဖွင့်ကြည့်နေတဲ့ အဖြစ်မျိုးတော့ ရောက်သွားတာပေါ့နော်၊ အဲလိုဖွင့် ကြည့်ပြီးတော့ ကျနော်တို့ တော်တော်လေးစောင့်နေရတယ်။ စောင့်ရင်းနဲ့ နေ့လည်တစ်နာရီ နှစ်နာရီရှိသွားတယ်။ အရင်တစ်ခေါက်တုန်းကတော့ ခွင့်ပြုတယ် စစ်ပြီးတော့။ အခုတခေါက်တော့ အဲ့လိုမဟုတ်ဘူး။ အဲ့ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ လမ်းမှာကတော့ အန္တာရယ်ရှိတယ်၊ မိုင်းတွေရှိတယ်၊ အဲလိုတော့ ပြောတာပေါ့နော်၊ သွားချင်ရင်တော့သွားပါ ကျနော်တို့ဘက်က တာဝန်မယူနိုင်ဘူး၊ အဲလိုပြောတာပေါ့။ အဲ့ကနေပဲလှည့်ပြန်ခဲ့ ရတယ်”
နမ့်ဆန်မြို့နယ်အတွင်းက ကျောက်ဖြူလေးကျေးရွာသို့ ရောက်ရှိနေကြသည့် ကျောက်မဲမြို့နယ် အာပြောင် ကျေးရွာနှင့် ကိုက်တန်ကျေးရွာ စစ်ဘေးရှောင်များတွက်လည်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည် ဟု ကျောက်ဖြူလေးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
“သူတို့က လာတာတော့ ကိုက်တန်ကျေးရွာရယ်၊ အာပြောင်ကျေးရွာရယ်၊ အာပြောင်က နိုဝင်ဘာ၁၇ ရက်နေ့ကရောက်တယ် ကိုက်တန်ကတော့ ၁၈ ရက်နေ့ညမှရောက်တာ။ အားလုံးပေါင်း ကျား/မ ၇၀၀ ရှိပါ တယ်၊ လောလောဆယ်ကတော့ ဒီစားရေးသောက်ရေးကတော့ ၅ ရက်စာ လောက်တော့လုံလောက်ပါ သေးတယ် ။ ဒါပေမယ့်လည်း စားဖို့သောက်ဖို့က လိုအပ်သေးတာပေါ့နော်” ဟု ကျောက်ဖြူလေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှိုင် က ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းက အာပြောင်ကျေးရွာနှင့် ကိုက်တန်ကျေးရွာကတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ ကြောင့် ယခုလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့များတွင် နမ့်ဆန်မြို့နယ်အတွင်း ထွက်ပြေးလာကြခြင်းဖြစ်သည်။
ကိုက်တန်ကျေးရွာမှ ရွာလုံးကျွတ်စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးလာကြသော်လည်း အာပြောင်ကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ခန့် ကျန်နေခဲ့သေးသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“ကျနော်တို့ကိုက်တန်ရွာကတော့ လူတွေမရှိတော့ဘူး၊ တစ်ရွာလုံးတော့ ထွက်ပြေးကြတယ်၊ ဘုန်းကြီးတော့ ကျန်တာပေါ့နော်။ ကျနော်တို့ရွာက တချို့လူတွေလည်း ကျောက်မဲဘက်မှာရှိတယ်၊ အာပြောင်ရွာကတော့ ၂၀၀ လောက် ရွာမှာကျန်သေးတယ်ပြောတယ်၊ ဒီမှာကတော့ ၃၀၀ကျော်လောက်ရှိတာပေါ့” ဟု ကိုက်တန် ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အာပြောင်ကျေးရွာတွင် ကျန်နေခဲ့သည့် မိသားစုဝင်များအတွက် စိုးရိမ်ကြောင်း စစ်ဘေးရှောင် မိုင်းအိုက်အောင် က ပြောသည်။
“၁၇ ရက်က ကျောက်ဖြူလေးရွာမှာ ရောက်နေပါတယ်၊ အိမ်ဘက်မှာက မိဘတွေရှိတော့ စိတ်ပူတာပေါ့၊ အိမ်က လူတွေရှိလည်း အလုပ်တွေ နိုင်မှာမဟုတ်ဘူး၊ လူတိုင်းတွေတော့အိမ်မှာ ပြန်ချင်ကြတာပေါ့ အခုတော့ ငြိမ်တယ် လို့ဆိုပေမဲ့လည်း ခါတိုင်းတော့ နေ့တိုင်း လိုလိုပစ်နေတော့ စိတ်မချနိုင်သေးဘူးပေါ့။ ဒါကြောင့်မို့ ပြန်ချင်လည်း ပြန်လို့မရသေးတဲ့ အခြေအနေတွေ ရှိတာပေါ့”
မိမိတို့၏ ကျေးရွာများသို့ ပြန်ချင်သော်လည်း နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများရှိနေသေးပြီး စစ်ရေးအခြေ အနေ မတည်ငြိမ်သေးသည့်တွက် နေရပ်ပြန်ရန်အဆင်မပြေသေးဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း ကျောက်တော်ကျေးရွာတွင် တော့ဖယ်ကျေးရွာက စစ်ဘေးရှောင် ၆၃ ဦး၊ မန်ခေါက်တွင် နားလွေးမှ ၁၀၀ နီးပါးခန့်၊ ပန်နင်းကျေးရွာတွင် အုံအွီးကျေးရွာမှ ၁၅၂ ဦး၊ ခေကွဲကျေးရွာတွင် ခွန်ကော်မှ ၇၂ ဦး နှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် ကိုက်တန်နှင့်အာပြောင်ကျေးရွာမှ စစ်ဘေးရှောင် ၇၀၀ ခန့် ရောက်ရှိနေသည်ဟု ကျောက်မဲဒေသခံ အိုမ်ဆငါး က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေရသည်ဟု ဒေသခံများနှင့် အကူအညီပေးရေးအသင်းအဖွဲ့ များက ပြောသည်။







