ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မန်မိုင်မန်ကွမ်းကျေးရွာတွင် မြန်မာ့တပ်မတော်ဘက်မှ ဒေသခံ ၆၃ ဦးကို ခရီးလမ်း လုံခြုံရေးအတွက် ခေါ်ဆောင်သွားခဲ့ကြောင်း မန်မိုင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။
“သူတို့က မိုင်းခွဲခံရမှာကြောက်လို့ရွာသားတွေကို ခေါ်ဆောင်သွားတယ်၊ မိုင်းလွတ်တဲ့ နေရာရောက်ချိန်မှာ သူတို့က ပြန်လွတ်ပေးတယ်၊ လွတ်တဲ့အချိန်က ဖမ်းသွားတာ စာရင်းအတိအကျမရှိဘူး ပြန်လာတဲ့အခါကျတော့ ၄၀ ကျော်ပဲရောက်တယ်၊ နောက်မှ အကုန်လုံးပြန်လွတ်လာတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသော ရွာသားက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် တပ်မတော်မှ ဟူးခင်ကျေးရွာအုပ်စု ၊ မန်မိုင်မန်ကွမ်းရွာ ရှိ ဒေသခံများအား အစည်းအဝေးရှိသည်ဟုဆိုကာ အမျိုးသမီး ၄၂ ဦး အမျိုးသား ၂၁ ဦး အားလုံးပေါင်း ၆၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မန်မိုင်ကျေးရွာမှ ဒေသခံက ပြောသည်။
“ ၉ နာရီဝန်းကျင်ချိန်မှာ တပ်မတော်ကပေါ့နော် ။ ရွာသားတွေကို အစည်းအဝေးရှိတယ်၊ အစည်းအဝေး လုပ်ရအောင် ဆိုပြီးမှ ရွာသားတွေကို ခေါ်သွားလိုက်တယ်၊ ခေါ်လိုက်တဲ့အခါတော့ ရွာသားတွေရော ကျောင်းဆရာ/ ဆရာမ တွေရော သက်ကြီးရွယ်အိုကအစ အဲဘက်ကိုတက်လာတယ်၊ တက်လာတဲ့ခါကျတော့ တပ်မတော်က အကုန် လုံးဖမ်းသွားလိုက်တယ်၊ ဖမ်းသွားပြီးမှ စစ်သားတစ်ယောက် ရွာသားတစ်ယောက်ပေါ့ အဲလို ကြားညှပ်သွားတယ်”
သို့သော် ဖမ်းဆီးခေါ်ဆောင်သွားခံရသူများမှ အချို့ကို နေ့လည် ၂ နာရီကျော်အချိန်တွင် တပ်မတော်မှ ပြန်လည် လွတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အားလုံးမှာ ပြန်လွတ်လာသည်ဟု အဆိုပါ ဒေသခံက ဆက်ပြော သည်။
တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခံရစဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အရိုက်ခံရသည်ဟု ဆိုသည်။
တပ်မတော်မှ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေသခံများအား ယခု ကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ကန့်ကွက်ကြောင်း တအာင်းဥပဒေအ ထောက်အကူပြု အဖွဲ့က ပြောသည်။
တအာင်းဦးပဒေ အထောက်အကူပြု မိုင်းမျိုးအောင် က “ပြောချင်တာကတော့ တိုက်ပွဲအတွင်းမှာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ဓားစားခံအဖြစ် အသုံးချခြင်းဟာ လုံးဝမဖြစ်သင့်ဘူး၊ ကျောင်းသား/ကျောင်းသူများ ၊ အမျိုးသမီး ၊သက်ကြီးရွယ်အိုတွေပါတော့ ပိုဆိုးတယ်၊ဒါမျိုး လုပ်ရပ်မျိုးကိုတော့ လုံးဝကန့်ကွက်ပါတယ်” ဟု ပြောသည်။
ဒေသခံများ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မခံရမီ အဆိုပါဒေသတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲကြောင့် ၎င်းဒေသအနီးတစ်ဝိုက်သို့ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများ က ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်တွင် နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေ အနေ နှင့်ပတ်သက်၍ PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခု လိုပြော သည်။
“တိုက်ပွဲက ဒီနေ့ ၂ နေရာဖြစ် တယ်၊ နမ့်ဆန်မြို့နယ်ထဲမှာပဲ တစ်နေရာကတော့ ကိုက်တန်ကျေးရွာဘက် ပေါ့ နော် ဒီမနက် ၆ နာရီကျော် လောက်စဖြစ်တယ်၊ ဒီညနေထိပေါ့နော်၊ ဒီညနေမှာတော့ ရဟတ်ယာဉ် ၂ စီးနဲ့လာပြီး တော့ ပစ်ခတ်တာတော့ ရှိတယ်၊ နောက်တနေရာကတော့ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနဲ့မန်မိုင်မိန်းကမ်းရွာ လမ်းခွဲမှာ မနက်က ၇နာရီ ၄၀ လောက် အဲမှာဖြစ်တယ်”
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုး မျိုးခံနေရသည့်အတွက် ပဋိပက္ခများကို အမြန်ဆုံး အဆုံးသတ်ရန်နှင့် တိုက်ပွဲဖြစ်ပွား နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန် လူ့အခွင့်အ ရေး လှုပ်ရှားနေသည့် အဖွဲ့များက တောင်းဆိုထားသည်။







