ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကြား မကျေလည်မှု ပြေလည်

ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကြား မကျေလည်မှု ပြေလည်

အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား  မပြေလည်မှုများ ညှိနှိုင်းရခဲ့ပြီဟု ဆွေးနွေးဘက်များက ပြောသည်။

NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနား တက်ရောက်ရန်  လာသော RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ခရီးစဉ်ကို တပ်မတော်က တားမြစ်ရာမှ နှစ်ဘက် မပြေလည်မှုများ ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် RCSS/SSA နှင့် NRPC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘော တွေ့ဆုံ ဆွေး နွေးမှုအပြီး သတင်းထောက်များကို NRPC မှ ဦးဇော်ဌေး က “အားလုံးစိုးရိမ်နေသလိုမျိုး ကျနော်တို့နဲ့ အစိုးရနဲ့ RCSS ကြားမှာ အကြောင်းကြောင်းကြောင့် RCSS ဥက္ကဋ္ဌ ကြီး ခရီးစဉ်အဆင်မပြေဖြစ်ခဲ့သော်ငြားလည်းအခု ၂ ဖက်လုံးက ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ အရှိကိုအရှိ အတိုင်းဘဲ ပြောကြဆိုကြတဲ့အပေါ် နားလည်မှုလည်းပိုပြီးတော့ မြင့်တက်လာတယ် လို့တော့ မြင်တယ်။ နောင် မှာ ဒီဟာလိုမျိုးမဖြစ်အောင် ၂ ဦး ၂ ဖက်လုပ်ဆောင်သွားမယ့်အပေါ်မှာလည်း ကျနော်တို့သဘောထားတွေ ရပ် တည်ချက်တွေတူပါတယ်။ တူတော့ လုံးဝကိုအပြုသဘောဆောင်တဲ့ခရီးစဉ်ဖြစ်တယ်” ဟု ပြောသည်။

ယင်း အစည်းအဝေးတွင် JICM နှင့် PPST အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရန်ကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်ပျက်ပြယ်ခဲ့သည့် ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်မှု ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် နိုင်ငံတကာတွင် အစိုးရ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု  RCSS က ပြောသည်။

RCSS/SSA အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ယခုကဲ့သို့ ပြောသည်။

“ဒီကြားထဲမှာလည်း PPST ၁၀ ဖွဲ့အရင်ခေါ်မှာကိုး ။ အခု PPST က အကြမ်းဖျဉ်းက ဒီဇင်ဘာလ ပထမ ပတ် လောက်မှာရှိတယ်။ အဲဒါပြီးရင်တော့ခုနကပြောတဲ့ JICM (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး )အစီအစဉ်လည်းဆက်တိုက်လာဖို့ရှိ တယ်။ ဒါမယ့်ဘာ ဘဲပြောပြော PPST ရဲ့အဆုံးအဖြတ်ကအတည်ပေါ့နော်။ အဲ့ပေါ်မှာကျနော်တို့ ညှိနှိုင်းမယ် ဆွေးနွေး မယ်။”

နောက် JICM ကို ပြန်လည်စတင်ပြီး တစ်ဆို့နေမှုများကို အကြေအလည်ပြန်လည်ဆွေးနွေးကာ နှစ်ဖက်အဆိုပြုချက်များကို ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမည်ဟု ဆက်ပြောသည်။  

ဗိုလ်မှူးကြီး စိုင်းငင်းက “ကျနော်တို့ဘက်က ပြင်ဆင် ထားတဲ့ အဆိုပြု ချက်ရှိ တယ်။ တစ်ဆို့ မှုကျော် လွှားရေးဆိုတဲ့ကိစ္စ အဲတာကိုအကြေအလည်ညှိမယ်။ အဲတာတွေအဆင်ပြေပြီဆိုတာနဲ့ ကျနော်တို့တရားဝင် အစည်းအဝေး။ အဲဒီကနေတဆင့် ၂၁ ပင်လုံ လာမယ့် ၂၀၂၀ နှစ်ဦးလောက်မှာ ကျင်းပနိုင်ရေး ကျနော်တို့ ဝိုင်းဝန်း လုပ်သွားမယ့် အနေအထားရှိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ရန် ကနဦး သဘောတူညီမှု ရရှိထားသော်လည်း ခရီးစဉ်ကို တပ်မတော်မှ ဟန့်တားခဲ့သည့်အတွက် အဆိုပါ ခရီးစဉ်ကို RCSS/SSA ဖက်မှ ဖျက်သိမ်း ခဲ့သည်။

၎င်းနောက် နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသည့်  JICM အစည်းအဝေး နှင့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာလည်း ပျက်ပြယ်သွားခဲ့သည်။

ထိုနေ့က ကျင်းပပြုလုပ်သည့် အလွတ်သဘော အစည်းအဝေးသို့ NRPC ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် ၍ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေး၊ ဦး ကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပြီး  RCSS/SSA ဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်း၊ စိုင်းလျဲန်း၊ စိုင်းဟန်၊ စိုင်းနွံမိဏ်း တို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

NRPC အနေဖြင့် နိုဝင်ဘာလ ၂၀ နှင့် ၂၁ ရက်နေ့တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KUN နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...