လွယ်ဆမ်စစ်နှင့် ကျောက်မဲတွင်တိုက်ပွဲများ ဆက်ဖြစ်၊ လူ ၂ ဦး ဒဏ်ရာရ

လွယ်ဆမ်စစ်နှင့် ကျောက်မဲတွင်တိုက်ပွဲများ ဆက်ဖြစ်၊ လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်တောင်ခြေအနီးနှင့် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

မန္တလေး-မူဆယ် ကားလမ်းတွင်လည်း ကားများ အခြေအနေကြည့်ကာ ဆင်းတက်နေရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ (ယနေ့) နံနနက်ပိုင်း လွယ်ဆမ်စစ်(တောင်သုံးဆယ်) တောင်ကြောတစ်လျှောက် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကားတစ်စီးပစ်ခတ်ခံခဲ့ရကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ကွတ်ခိုင်မြို့မှ ကရုဏာလူမှုကူညီရေးအသင်းက ဦးထွန်းအောင်က “ကိုယ်ပိုင်ကျောင်းကားက ကျောင်းသားတွေကို သွားကြိုဖို့ သွားတဲ့အချိန်မှာ ဟိုမှာပစ်နေတဲ့အချိန်လေ အဲ့မှာ ထိသွားတာပါ။ ကျောင်းဆရာရယ်၊ ဒရိုက်ဘာရယ်ပေါ့၊ မှန်စတွေ ထိသွားတာပါ။ သေနတ်နဲ့ပစ်တာပဲ၊ ဒီ ၇ နာရီနဲ့ ၈ နာရီကြားပေါ့။ ကားထဲမှာ ကလေးတွေတော့ မပါဘူး။ အဲ့ဒီလွယ်ဆမ်စစ်တောင်ခြေမှာက နည်းနည်းတင်းနေတာလေ၊ နည်းနည်းရှုပ်နေတာ။ တိုက်ပွဲကလည်း ကြိုကြားကြိုကြား ဒီနေ့အထိဖြစ်နေတုန်းပဲ” ဟု ပြောသည်။

ထို့အပြင် ကွတ်ခိုင်-သိန်းနီလမ်းကိုလည်း ပိတ်ထားရသည်ဟု ဆက်ပြောသည်။ လမ်းအခြေအနေအားကြည့်၍ ကားများကို တစ်သုတ်ပြီးတစ်သုတ်လွတ်ပေးနေရသည်ဟု ဒေသခံများ က ပြောသည်။

“ကွတ်ခိုင်တိုးဂိတ်ကနေ ပိတ်ထားတယ်လေ ကားတွေကို။ ကွတ်ခိုင်နဲ့ သိန်းနီတော့ ပိတ်ထားတာတွေ့တယ်။ တိုးဂိတ်ကနေစပိတ်ထားတာ။ ကားတွေကတော့ သိပ်တော့ မများသေးဘူး။ တစ်ရာလောက်တော့ရှိမယ်။ အဆင်းကားတွေလေ။ မနက်ကတော့ တသုတ်လွှတ်လိုက်တယ်လေ။ ကွတ်ခိုင်အတက် ဒီကွတ်ခိုင်နဲ့ မူဆယ်တော့ လောလောဆယ်ဖွင့်ထားတယ်။ ကွတ်ခိုင်ရဲ့ လက်ရှိအခြေအနေကလည်း အထိတ်တလန့်ပေါ့၊ ဟိုလိုလိုဒီလိုလိုပဲ၊ ကြောက်နေရတာ၊ စိတ်ချမှုတော့ မရှိဘူးပေါ့” ဟု အမည်မဖော်လိုသူ ကွတ်ခိုင် ဒေသခံတစ်ဦး က ပြောသည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒေသခံအချို့လည်း စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု ကျောက်မဲဒေသခံများ က ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့ (တန်ဆောင်မုန်းလပြည်နေ့) မှ စတင်ကာ ယနေ့အချိန်ထိ ပစ်ခတ်မှုများ၊ သေနတ်သံ၊ လက်နက်ကြီးသံများ ကြားနေရခြင်းဖြစ်သည်ဟု ကျောက်မဲမြို့က ဇီဝိတ လူမှုကူညီရေးအသင်းက ပြောပါတယ်။

ကျောက်မဲဒေသခံလည်းဖြစ်၊ ဇီဝိတ လူမှုကူညီရေးအသင်းက တာဝန်ရှိသူလည်း ဖြစ်သည့် ဦးတင်မောင်သိန်းက “ကျနော်တို့ လပြည့်နေ့ကတည်းက ဖြစ်နေတာပါ။ ကျနော်တို့ ကျောက်မဲမြို့နဲ့လည်း သိပ်မဝေးပါဘူး။ ကျောက်မဲရဲ့ အရှေ့မြောက်ဘက်လောက်ပေါ့၊ ၁၂ မိုင်လောက်ပဲဝေးတယ်။ အဲ့ဒီဘက်က ပလောင်ရွာတွေဘက်မှာပေါ့၊ အဲ့ဒေသတွေကို တပ်မတော်စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်တာပေါ့။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။ ဒီနေ့အချိန်အထိတော့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေရသည်ဟု ပြောသည်။

“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့ ကျေးရွာတွေက သတိထားနေရတယ်။ ရွာတွေကလည်း အများကြီးပဲ။ စဖြစ်တဲ့နေရာဆိုရင် ၄ ရွာ အုပ်စုပေါ့၊ အဲ့ဒီဧရိယာထဲက ရွာတွေက လူတွေက သတိနဲ့နေနေရတယ်၊ မမျှော်လင့်ပဲ တပ်မတော်စစ်ကြောင်းရောက်လာနိုင်သလို TNLA စစ်ကြောင်းလည်း ရောက်လာနိုင်တယ်။ အဲ့ဒါကိုလည်း စိုးရိမ်ပူပန်နေကြတယ်။ နောက်တခုကလည်း မြို့ပေါ်ကလည်း အနီးအနားမှာ အသံတွေကြားနေရတယ်၊ စစ်ပွဲတွေဖြစ်နေတယ်ဆိုတော့ စိုးရိမ်ကြောင့်ကြတာမျိုးတော့ ရှိကြပါတယ်” ဟု ဦးတင်မောင်သိန်းက ဆက်ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင် (PSLF/TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း အဆိုပါ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များကို ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။

PSLF/TNLA ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်စစ်(တောင်သုံးဆယ်) အနီးတဝိုက်နှင့် ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်နေကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား အပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ညှိနှိုင်းနေချိန်တွင် ယခုကဲ့သို့ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်စွာ ဖြစ်ပွားလာနေခြင်းဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...