ကွတ်ခိုင်မြို့နယ် အရပ်သား တဦး သေနတ်ပစ်ခံရ

ကွတ်ခိုင်မြို့နယ် အရပ်သား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာ တွင် ယမန်နေ့ က အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၈နာရီ က ကွတ်ခိုင်မြို့နယ် ပန်ကိုင်၊ပန်လော့ကျေးရွာအုပ်စု ပန်လော့ကျေးရွာ တွင် အသက် ၄၄နှစ် အရွယ် အမျိုးသားတဦး နေအိမ်ထဲ ၌ အမည်မသိ လက်နက်ကိုင် မှ သေနတ်ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သေနတ်ပတ်ခံရသည့်သူကို လိုက်ပါကူညီပေးနေသည့် ဆရာမ မထွယ် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ မနေ့ည ၈နာရီဝန်းကျင်မှာ သူ့ နေအိမ်မှာ ပစ်ခံရတယ်။ သူတို့ရွာက နမ့်ဖတ်ကာ နဲ့နီးတော့ နမ့်ဖတ်ကာ ဆေးရုံကို ရောက်လာတယ်။ ဒဏ်ရာကတော့ နားအောက် လည်ပင်း အထက်နားတချက်ပါပဲ။ ည၉ နာရီတော့ မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” ဟု ဆရာမ မထွယ် က ပြောသည်။

လက်ရှိ သေနတ်ပစ်ခံရသည့် အမျိုးသားသည် မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း၊ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း လည်း မူဆယ်ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးသည့် အမျိုးသား တဦး က ပြောသည်။

“ မနေ့ည က မူဆယ်ဆေးရုံကို ရောက်တယ်။ ဆရာဝန် တွေတော့ လာမကြည့်သေးဘူး။ ဆရာမတွေ ပဲ ကြည့်ပေးထားတယ်။ ဒီမနက်ထိပဲ။ ဆရာဝန်တွေ ကို စောင့်နေတာပါ။ ကျည်ထိမှန်တဲ့သူကတော့ ဒီမနက် စကားနည်းနည်းပါးပါးပြောတယ်” ဟု ၎င်း အမျိုးသား က ပြောသည်။

သေနတ်ပစ်ခံရသူ ၏ ဒဏ်ရာထဲတွင် ကျည်ဆံ ရှိ၊ မရှိ၊ ခွဲစိတ်မှု ပြုလုပ်ရှိ၊ မရှိ အဖြေကို စောင့်ဆိုင်းနေရကြောင်း၊ မနက်အချိန်ထိ မူဆယ်မြို့ တာဝန်ကျ ဆရာဝန်များ လာရောက် ကြည့်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထို သေနတ်ကျည်ဒဏ်ရာရရှိသည့်အမျိုးသား သတင်းနှင့် ပတ်သက်ပြီး မူဆယ်ပြည်သူ့ ဆေးရုံကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ မရရှိခဲ့ပေ။

သေနတ်ပစ်ခံရသည့် အသက် ၄၄နှစ် အမျိုးသားသည် နေအိမ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင် ဖွင့်ထားသည့် သူ တဦးဖြစ်ပြီး၊ ရပ်ရွာ လူမှုရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်သူ တဦးဖြစ်သည်။

ယခုလ အတွင်း သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ လည်ခေါင် စားသောက်ဆိုင် တခုတွင် နေ့လည် လူသွားလာများသည့် အချိန်၌ မိုင်းတင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ နားမွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အမျိုးသား တဦး သေနတ်ပစ်သတ်ခံခဲ့ရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...