ကျောက်မဲတွင် ရွာလူကြီးများ ပစ်သတ်ခံရ

ကျောက်မဲတွင် ရွာလူကြီးများ ပစ်သတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ပစ်ခတ်မှုတစ်ခုတွင် လူ ၃ ဦး သေဆုံးခဲ့ သည် ဟု ကျောက်မဲဒေသခံများက ပြောသည်။

အောက်တိုဘာလ ၃ ရက် (ယနေ့) နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ ၊ ၈ ရပ်ကွက်ရှိ နမ့်ခုမ်းစားသောက်ဆိုင်အတွင်း အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိုင်းတင်းကျေးရွာအုပ်စု ရွာသုံးရွာမှ ရွာလူကြီး ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့က ဇီဝိတလူမှုကူညီရေးအသင်း က ပြောသည်။

ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “နေ့လည်တစ်နာရီခွဲ လောက်က ပစ်ခတ်မှုဖြစ်တယ်၊ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ဒဏ်ရာနဲ့ဆေးရုံမှာ ဆုံးတယ်၊ ပစ်ခတ်မှုဖြစ်တဲ့ နေရာက ကျောက်မဲမြို့ ၈ ရပ်ကွက် မုန်လာခြံက နမ့်ခုံးဆိုတဲ့ စားသောက်ဆိုင်မှာ ဖြစ်တာပါ။ အဲနမ့်ခုမ်း စားသောက် ဆိုင်က ကျောက်မဲမှာရှိတဲ့ နမ့်ခုမ်းဆိုတဲ့ လူမှုကူညီရေး အသင်း ဥက္ကဌရဲ့ ဆိုင်လို့သိရ ပါတယ်။ အဲ့ဒီမှာ အပစ်ခံရတာပါ” ဟု ပြောသည်။

ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ အပါအဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာ ကျောက်မဲဆေးရုံးရောက်ပြီးမှ သေဆုံးသွားသည်ဟု ဇီဝိတလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ က ဆက်ပြောသည်။

“အဲတော့ အပစ်ခံရတဲ့ လူတစ်ယောက်ကတော့ စိုင်းထွန်းရင်လို့ ခေါ်တဲ့ မိုင်းတင်း ကျေးရွာ အုပ်ချုပ်ရေးမှူးပါ။ နောက်တစ်ယောက်ကတော့ နားမွန်း ဥက္ကဌ လို့ပြောတယ် ၊ နောက် တစ်ယောက်ကတော့ လွယ်အွယ်ကျေးရွာက သူကြီးလို့ပြောတယ်။ အဲဒါ မိုင်းတင်းအုပ်စုထဲက ရွာတွေပါ” ဟု ဦးတင်မောင်သိန်း က ဆက်ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါက လာရောက် ပစ်ခတ်သွားသည်ကို မသိရဟု ဦး တင်မောင် သိန်းက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ယခုကဲ့သို့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ၏ နေထိုင်သွားလာ လှုပ်ရှားမှုတိုင်းမှာ လုံခြုံမှု မရှိသည့် အနေအထားတွင် ရှိနေပြီး စိုးရိမ်ကြောက်လန့်မှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု ကျောက်မဲမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ဒီလိုမျိုးပဲဖြစ်နေရင် ပြည်သူ တွေအတွက် စိတ်လုံခြုံမှု မရှိတော့ ဘူးပေါ့နော် ကိုယ်က ကိုယ်မြို့မှာ ကိုယ်လည်း ကျောက်မဲမြို့သားတစ်ယောက် ဆိုတော့ ဒီကလူတွေအတွက်လည်း နှမြောမိတယ် ကိုယ်လည်း ဘာမှ မလုပ်ပေး နိုင်ဘူးပေါ့နော်”

ထို့ကြောင့် အာဏာပိုင်များဖက်မှ ယခုကဲ့သို့ ပစ်ခတ်မှုများတွင် ကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော် ထုတ်ပေးစေချင်သည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

“ဒီလိုပစ်ခတ်မှုမျိုးကို ဖော်ထုတ်ပေးစေချင်ပေါ့နော် အခုတော့ ဖြစ်ရင် အမြဲတမ်းပဲ ငြိမ်သွားတယ်။ ဒီလို ဖြစ်သွားတာတော့ စုံစမ်းပေးသင့်တာပေါ့နော်၊ မနှစ်ကလည်း ဒီလိုဖြစ်သွားလည်း ငြိမ်းသွားတာပဲပေါ့နော်။ အဲလိုမျိုး ငြိမ်သွားတယ်ဆိုတော့ ဘယ်လိုပြောမလဲ သက်ဆိုင်ရာ လုပ်ဆောင်ချက်က ဘယ်လိုပြောမလဲ မလုပ်တာလား ၊ အားနည်းတာလား ဒါမှမဟုတ်လဲ အကြောင်းအမျိုးမျိုးကြောင်း ဘယ်လိုဖြစ်တာလဲတော့ မသိဘူးပေါ့နော်၊” ဟုပြောသည်။

ကျောက်မဲမြို့နယ်တွင် ယခုကဲ့သို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ ၂၀၁၈ ခုနှစ်က ဓမ္မမေဒနီ ရွှေကျင်ကျောင်း ဆရာတော် ဦးကလျာဏဝံသကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ဝင်ရောက် လုပ်ကြံသွားခြင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ ၂၀၁၉ ခုနှစ်က လည်း ခေးနင်းကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့သည့် အတွက် ပျံလွန်တော်မှုခဲ့သည်။

နိုဝင်ဘာလ ၂ ရက်နေ့ ယမန်နေ့ကလည်း ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမပေါ်တွင် နွားတင် သည့် ကား တစ်စီး သေနတ်ဖြင့် အပစ်ခံရသောကြောင့် ယာဉ်မောင်း တစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက် နွားထိန်း ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Most read this week

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...