တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေတွင် အေးချမ်းတည်ငြိမ်နေပြီဖြစ်ကြောင်း နှစ်ဖွဲ့ပူးတွဲ ကြေညာချက်ကို အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၇ ရက်နေ့မှစတင်၍ နှစ်ဘက်တပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပေါ်လာမှုအပေါ် NMSP နှင့် KNU ခေါင်းဆောင်တို့ အောက်တိုဘာ ၂၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြပြီး သဘောတူ ဆုံးဖြတ်ချက်များ ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသနှင့် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ တို့ ပူးတွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“သဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီဖြစ်တယ်။ ကွင်းဆင်းစစ်ဆေးတယ်၊ မပေါက်ကျည်တွေကို ဖယ်ရှားတာတို့ ပြည်သူလူထုကို ပြန်လည်နေရာချတာတို့ ဆယ်သွယ်ရေးလမ်းကြောင်းတွေကိုလည်း အရင်လိုပဲ ပြန်ဖွင့်ထားပြီဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ(NMSP) အမှတ် ၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။
ယင်းသဘောတူ ဆုံးဖြတ်ထားချက်အတိုင်း နှစ်ဖွဲ့ပူးပေါင်းကာ ကွင်းဆင်းစိစစ်မှုပြုလုပ်၍ နယ်မြေရှိ ပြည်သူလူထုများအား ပြန်လည်နေရာချထားခြင်း၊ မပေါက်ကျည်များ ရှင်းလင်းခြင်း၊ နှစ်ဘက်ရွာသားများအား ရှင်းလင်းဆွေးနွေးမှုပြုလုပ်ပြီးစီး၍ နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟု ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်းက ဆက်ပြောသည်။
ထို့အပြင် ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်ဟု မွန်ပြည်သစ်ပါတီက ဆက်ပြောသည်။
အောက်တိုဘာ ၁၇ ရက်နေ့က ဘုရားသုံးဆူမြို့ နယ် ပလဲ့ဒွန်ဖိုက်နှင့် ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ၊ အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့ နယ် ငါးကလေးချောင်းကျေးရွာအနီတွင် မွန်ပြည်နယ်သစ်ပါတီနှင့် KNU အောက်ခြေတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဘုရားသုံးဆူမြို့ ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနေရာတွင် ဖြစ်ပွားခဲ့သည့် NMSP နှင့် KNU အကြား ပစ်ခတ်မှုကြောင့် ဒေသခံ မွန်နှင့် ကရင်တိုင်းရင်းသား ၁၀၀ ကျော် ဘုရားသုံးဆူမြို့ပေါ် ထွက်ပြေးတိန်းရှောင်ခဲ့ကြ ရသည်။
NMSP နှင့် KNU တို့အကြား ညီညွတ်မှုနှင့် ယုံကြည်ခိုင်မာမှု ဖြစ်စေရန်အတွက် သင့်လျော်သောဒေသများတွင်လည်း လူထုရှင်းလင်းဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် ညှိနှိုင်းလျက်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဘုရားသုံးဆူမြို့ တာဝန်ခံက ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာမျညး ပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်းများကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်နှင့် ရေးမြို့ နယ်အတွင်း၌ နှစ်ဖက်ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြခြင်းများ ရှိခဲ့သည်။







