မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုထပ်မံမဖြစ် ပွားစေရေးအတွက် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးသဘော တူထားကြသော် လည်း အောက်ခြေတပ်ဖွဲ့များအကြား ပစ်ခတ်မှုဆက်ရှိနေဆဲဖြစ်သည့်အတွက် အောက်ခြေတပ်များအထိ ရှင်းလင်းမှုများပြုလုပ်ရန် လိုအပ်သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
“ခေါင်းဆောင်တွေသဘောတူထားတဲ့ဟာကို အောက်ခြေအဆင့်ထိ နားလည်သဘောပေါက်အောင်တော့ ရှင်းရမယ့်အခြေအနေရှိတယ်။ ဒီလိုမျိုး နောက်ထပ်ပစ်ခတ်မှုထပ်မဖြစ်ပွားအောင်ပေါ့” ဟု KNU အမှတ် ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်းက ပြောသည်။
NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်နေ့က နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသဘောတူချက်ရအပြီး ယင်းနေ့ ညနေ ၄ နာရီခန့် တွင် ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စု ငါးကလေးချောင်းကျေးရွာအနီးတွင် နှစ်ဘက်တပ်ဖွဲ့ ထိတွေ့ပစ်ခတ်မှု ထပ်ဖြစ်ပွားခဲ့သည်။
နှစ်ဘက်တပ်များထိပ်တိုက်မဖြစ်ပွားရေး အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက အင်အားသုံး ဖြေရှင်းခြင်းမပြုပဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် နှစ်ဘက်ခေါင်းဆောင်များ သဘောတူထားခဲ့ကြသည်။
NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ကတစ်ကြိမ် အောက်တိုဘာ ၂၁ ရက်နေ့ကတစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် KNU ဒူးပလာယာခရိုင်/တပ်မဟာ ၆ တာဝန်ရှိသူများနှင့် NMSP ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူတို့က ၃ ကြိမ်ခန့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာသို့လည်း သွားရောက်စိစစ်မှု ပြုလုပ်ခဲ့ကြသည်။
NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်နေသည်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာကို ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်မှ ၂ ဦး ကရင်အမျိုးသားအစည်းအရုံးဘက်မှ ၂ ဦးနှင့် ရွာသားတစ်ဦး ထိခိုက်သေဆုံးမှုရှိသည်ဟု နှစ်ဘက်တပ်ဖွဲ့ထံမှ သိရသည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ထိုအတူ ရေးမြို့ နယ်အတွင်း၌လည်း သစ်ခိုးထုတ်သည့်ကိစ္စကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်လည်းရှိခဲ့သည်။
မွန်ပြည်သစ်ပါတီကသည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ရောက် အခြေချလာသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ခွဲထွက်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့အကြား ပတ်ခတ်မှုဖြစ်ပွားခဲ့သည်လည်းရှိသည်။







