ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် PSLF/TNLA တို့၏ တိုက်ပွဲအတွင်း တပ်မတော်က လေယာဉ်များအသုံးပြုပြီး လာရောက်တိုက်ခိုက်သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဟွေကျေးရွာနှင့် မရူဖကာကျေးရွာ အထက် တောင်ကြောပေါ်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ ကျော်အချိန်ခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် တပ်မတော် က ပစ်ခတ်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့ မှ တဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် တစ်လကျော်ကာလအတွင်း တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ထပ် မနည်း ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ ဝင်သည့် PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က“အပစ်ရပ်ကြေငြာပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲတော့မနေ့ကထိဆို အားလုံးပေါင်း ၁၀ ကြိမ်လောက်ရှိတာပေါ့” ဟု ပြောသည်။
ထို့အပြင် “အပစ်ရပ်နောက်ပိုင်းမှာတော့ အကုန်လုံးပဲ ဒီရခိုင်ဘက်မှာလဲဖြစ်တာပေါ့နော်၊ ဘယ် လောက်ဖြစ်လဲတော့ အသေးစိတ် ကျနော်မသိဘူး၊ ကျနော်မှတ်တမ်းရသလောက်ကတော့ ၁၀ ကြိမ်ဖြစ်တယ်၊ အဲဒီပြန်ကြည့် မယ်ဆိုရင်တော့ ဒီတစ်ဖက်သတ်ဘက်က စစ်တပ်ဘက်က လာတိုက်လို့ တိုက်ပွဲဖြစ်တာ” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ တဖက်သတ်အပစ်ရပ်ကြေညာထားသည်။
အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ရှမ်းမြောက်ဒေသရှိ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဟွေကျေးရွာနှင့် မရူဖကာကျေးရွာ အထက် တောင်ကြောပေါ်တွင် တပ်မတော်နှင့် TNLA ကြား အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက် အကြာ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု PSLF/TNLA ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
ကွတ်ခိုင်မြို့အပြင် အခြားသော မြို့နယ်များတွင်လည်း နှစ်ဖက်တိုက်ပွဲများရှိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း အကျအဆုံးများလည်း ရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
“ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း ဖြစ်တာကတော့ အများစုကတော့ ဒီကွတ်ခိုင်မြို့ နယ်ထဲမှာ ဖြစ်တာများတယ်။ ဒါပေမယ့် ဒီ မန်တုံ ၊ နမ္မတူ၊ နမ့်ခမ်း ၊ နမ့်စန်၊ ကျောက်မဲ၊ မူဆယ်ဘက်မှာလည်း ဖြစ်တယ်။ အကျအဆုံးမှုကတော့ နှစ်ဖက်လုံးရှိတယ်၊ ဒါပေမယ့် အသေးစိတ်ကတော့ မသိရသေးဘူး။”
ထို့အပြင် PSLF/TNLA လှုပ်ရှားသည့် ဒေသများတွင်လည်း တပ်မတော်က စစ်အင်အားတိုးချဲ့ မှုများ ရှိသည်ဟုလည်း ပြောသည်။
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA၊ ရက္ခိုင့် တပ်တော် ULA/AA ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဖြစ်ကြသည်။
ထို့အပြင် ယခုခါ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းတွင်လည်း အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲများတွင်လည်း တပ်မတော်က မြေပြင်ထိုး စစ်များ၊ ဝေဟင်ထိုးစစ်များ၊ ရေကြောင်း ပစ်ကူများပါ အသုံးပြုလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။







