ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး KNU & NMSP ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် ပစ်ခတ်မှုဆက်လက်ဖြစ်ပေါ်

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး KNU & NMSP ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် ပစ်ခတ်မှုဆက်လက်ဖြစ်ပေါ်

မိမိတို့အဖွဲ့အစည်းအချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်သွားကြရန်နှင့် မွန်ကရင်ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာအတူတကွနေထိုင်သွားကြရန် ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP ပူးတွဲသဘောတူညီချက်ထုတ်ပြန်ပြီးသည့်နောက် နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား ပစ်ခတ်မှု ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ ၆ ခေါင်းဆောင်များနှင့် NMSP ဗဟိုဌာနချုပ်မှခေါင်းဆောင်များ တွေ့ဆုံပြီးနောက် နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားစေရေး အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားသွားရန်၊ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းခြင်း မပြုဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန် အဆိုပါကြေညာချက်ထုတ်ပြန်အပြီး နာရီပိုင်းအကြာ ရေးမြို့နယ်အရှေ့ဖက်ခြမ်း မွန်ပြည်သစ်ပါတီ တပ်တည်စခန်းဖြစ်သည့် ငါးကလေးချောင်းစခန်းသို့ KNU ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

“စခန်းကို KNU အဖွဲ့ လာချောင်းပစ်သွားတယ်၊ ၁၀ မိနစ်လောက်ပစ်ခတ်မှုဖြစ်ပြီးတော့ ကျနော်တို့ဆီက ရဲဘော်တစ်ဦးကျတယ်၊ ညနေ ၄ နာရီခွဲလောက်မှာ” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

အလားတူ အောက်တိုဘာ ၂၀ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် KNU တပ်မဟာ ၆ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား ပဋိပက္ခဆက်လက်မဖြစ်ပေါ်ရေး သဘောတူညီမှုများရရှိအပြီး နောက်တစ်နေ့တွင်လည်း ဗလဲ့ဒွန်ဖိုက်ရွာအစွန်၌ နာရီဝက်နီးပါးခန့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ရာ KNU ဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

အခင်းဖြစ်ပွားရာ ဗလဲ့ဒွန်ဖိုက်ရွာအစွန်သို့ အောက်တိုဘာ ၂၂ ရက်နေ့က KNU နှင့် NMSP ခေါင်းဆောင်များအတူတကွ သွားရောက်၍ ရွာနှစ်ရွာနယ်နိမိတ်သတ်မှတ်ခြင်း၊ နှစ်ဖက်တပ်စခန်းများ နီးကပ်စွာမရှိစေရန် နောက်ဆုတ်ခြင်း၊ အခင်းဖြစ်ပွားရာဒေသတွင် ရွာသားများသက်သက်ကိုသာ နေထိုင်စေပြီး စစ်ယူနီဖောင်းများနှင့် လက်နက်များသုံးမပြုရန်၊ နှစ်ဖက်တပ်များသွားလာလှုပ်ရှားသည့်အခါ သက်ဆိုင်ရာရွာလူကြီးမှတဆင့် အသိပေးအကြောင်းကြားရန် စည်းကမ်းချက်များ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

ရေးမြို့အရှေ့ဖက်ခြမ်းရှိ မရမ်းချောင်းစခန်းနှင့် ဗလဲ့ဒွန်ဖိုက်ရွာအစွန်ရှိ မွန်ပြည်သစ်တပ်ခွဲရုံးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်စောစောပိုင်းက KNU တပ်ဖွဲ့ဝင်ရောက်ပစ်ခတ်ရာတွင် မွန်ပြည်သစ်အရာရှိတစ်ဦး ကျဆုံးသဖြင့် ပြဿများပိုမိုကြီးထွားလာသည်။

ထို့ပြင် ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ရွာတွင်နေထိုင်ကြသော မွန်၊ ကရင်ရွာသားများ နေအိမ်စွန့်ခွာထွက်ပြေးကြရပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သည်။

နယ်မြေအငြင်းပွားစရာဖြစ်နေသော ဗလဲ့ဒွန်ဖိုက်ရွာအစွန်ရှိ မွန်ပြည်သစ်တပ်စခန်းရုံးရှေ့၌ KNU အလံလာရောက်စိုက်ထူခဲ့ရာမှ နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား ပဋိပက္ခများစတင်ခဲ့ခြင်းဖြစ်သည်။



KNU & NMSP ပူးတွဲကြေညာချက်(Copy)

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...