မိုင်းခုတ်ကျောက်မီးသွေးစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

မိုင်းခုတ်ကျောက်မီးသွေးစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်အတွင်းရှိ ကျောက်မီးသွေး တူးဖော်မည့် စီမံကိန်း သည် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ၏ အသက်မွေးဝမ်းကြောင်း၊ နေထိုင်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ယမန်နေ့က ဒေသခံများက မိုင်းခုတ်မြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ဘုရား ဦးဆောင်တည်ထားသော စိုင်မိန်းဓာတ်တော်စေတီတော်တွင် စုပေါင်း၍ ဆုတောင်းပွဲ တစ်ရပ် ပြုလုပ် ကာ တောင်းဆိုခဲ့ဲသည်ဟု ရှမ်းသဘာ၀ ပတ်ဝန်းကျင် အဖွဲ့က ပြောသည်။

အဆိုပါဒေသအတွင်း ကျောက်မီးသွေး တူးဖော်သည့် စီမံကိန်းကို လုပ်ဆောင်မည်ဆိုပါက မိုင်းခုတ်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ၂၀၀၀ ကျော်၏ လူမှုဘ၀ အဖုံဖုံကို ထိခိုက်ပျက်ဆီးစေနိုင် သည် သာမက ၎င်းကျောက်မီးသွေးတူးဖော်သည့် ကျောက်မီးသွေးကြောတစ်လျှောက်နှင့် ထိစပ်နေ သည့် ကျေးရွာများလည်း ထိခိုက်ပျက်ဆီးမှုများ နှင့် ကြုံရနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းသဘာ၀ ပတ်ဝန်းကျင် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောသည်။

“လူအပြင် သူ့ရဲ့ စားဝတ်နေရေးပါ ထိခိုက်မယ်။ အိမ်တွေပါ ထိခိုက်မယ်ပေါ့နော်။ နောက်တစ်ခုက သစ်တောတွေ ပြုန်းတီးမယ် နောက်တစ်ခုက တူးပြီးပြီဆိုလို့ရှိရင် သူ့ရဲ့ ဓာတုပစ္စည်းတွေက သူက ကျန်ခဲ့မှာကိုး နောက်ပြီးတော့ သူ့ရဲ့ အညစ်အကြေးတွေကလည်း ကျန်ခဲ့မယ်။ ဆိုတော့ အဲဒါက အကုန်လုံး အဆိပ်တွေ ဖြစ်တယ်ပေါ့နော် ဆိုတဲ့အတွက်ကြောင့် ဒီဟာကို ဆက်မလုပ်ဖို့ အတွက် ဒေသခံတွေက ဆုတောင်းပွဲ လုပ်ပြီးတော့ သူက ရပ်ဖို့ပေါ့နော်။ လုပ်ရခြင်းဖြစ် တယ်ပေါ့။”

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ် ရှားမှုအဖွဲ့မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် မိုင်းခုတ်တွင် နေထိုင်ကြသော ဒေသခံဦးရေမှာ လူဦးရေ ၂၅၀၀ ရှိပြီး ရှမ်းလူမျိုး၊ လားဟူလူမျိုးနှင့် အာခါလူမျိုးတို့ အတူတကွ ရောနှောနေထိုင်ကြသည့် ဒေသတစ်ခု ဖြစ်သည်။ အကယ်၍ ဤ ကျောက်မီးသွေး လုပ်ငန်းများ တူးဖော်လုပ်ဆောင်ကြမည်ဆိုပါက ဒေသခံများအနေဖြင့် အိုးအိမ်များကို စွန့်ပစ်ပြီး ထွက်ခွာပေးရတော့မည်ဖြစ်သည်ဟု ပါရှိသည်။

“ဒီကနေ့ကျနော်တို့ ဆုတောင်းပွဲ ပြုလုပ်ရတဲ့ ရည်ရွက်ချက်တော့ ဘေးဘယာဝေး ကွာပြီး ကျောက်မီးသွေးတွေကို မူလအတိုင်းထားဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ဒီကျောက်မီးသွေးတူးဖြစ်မယ်ဆို ရင် ကျနော်တို့ရဲ့ လုပ်ကိုင်စားသောက်မယ့် မြေနေရာ သစ်တောနှင့် မြစ်ရေတွေကို ဖျက်ဆီးမှာပါ” ဟု ရှမ်းပြည် နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့ မှ ထုတ်ပြန်ချက်ထဲတွင် ဒေသခံတစ်ဦးကို ကိုးကား ဖော်ပြထားသည်။

ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းလုံခြုံရေးအတွက်ဟု ဆိုကာ ၎င်းနယ်တစ်ဝိုက်ပတ် လည်ကို မြန်မာအစိုးရ စစ်တပ်မှ အခြေစိုက်စခန်း ၃ ခု ကိုလည်း အင်အား အများအပြားဖြင့် တပ်စွဲထားပြီဖြစ် သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံရှိ SAHAKOL EQUIPMENT (SQ) Co.Ltd နှင့် မြန်မာနိုင်ငံရှိ GOLDEN LAKE Co.Ltd ကုမ္ပဏီတို့က ပူးပေါင်းပြီး အချိန်ကာလအားဖြင့် ၂၈ နှစ်ရှိ MOU လုပ်ငန်းဆိုင်ရာ စာချုပ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ စီမံကိန်းမှ ထိုင်းဘတ် ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉၀ သန်း) အမြတ်ရရှိကြမည်ဟု မျှော်မှန်းထားကြသည် ဟု သိရသည်။

ကျောက်မီးသွေးမှတစ်ဆင့် ထုတ်ယူသုံးစွဲနေသည့် စွမ်းအင်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဆိုးကျိုးဟု သိရှိပြီး ပိတ်သိမ်းနေသည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေသည်ဟု စိုင်းခေးဆိုင် က ဆက်ပြောသည်။

“တစ်ခြား နည်းပညာတွေကို သုံးနေတဲ့အချိန်မှာ ဒီကျောက်မီးသွေး စက်ရုံကို ပိတ်နေတဲ့အချိန်မှာ ကျနော်တို့က ထပြီးတော့ ဒီကျောက်မီးသွေးကို တူးလိုက်ရောင်းလိုက်ဆိုလို့ရှိရင် ဒါအနာဂတ် ကျနော်တို့ မြန်မာပြည်အတွက်ရော နောက်ကျနော်တို့ရဲ့ မျိုးဆက်ပေါ့ ရှေ့ရေးပေါ့နော် ကျနော်တို့က ပြဿနာကို မျိုးဆက်တွေကို ချန်ထား ပေးပြီးတော့ ဒီဟာတွေကိုပဲ ထုတ်မယ်ဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်က သိပ်လှပမှာ မဟုတ်ဘူးပေါ့။ သူတို့ တူးပြီးရင် ကျန်ခဲ့မယ့် ဓာတုအဆိပ်တွေ ကျောက်မီးသွေး အကြွင်းအကျန်တွေကနေ သူတို့ နောက်ထပ် တစ်ခါ ထပ်ထိအုံးမယ်ဆိုတော့ ကျန်းမာရေးရှုထောင့်ကလည်း ထိခိုက်မှုက များတဲ့အတွက်ကြောင့် သူတို့ရပ် တန်းက ရပ်ဖို့။ ဒီစီမံကိန်းကို မလိုဘူး။”

ထိုင်းနိုင်ငံ (SQ) ကုမ္ပဏီနှင့် မြန်မာနိုင်ငံ (GOLDEN LAKE) ကုမ္ပဏီ တို့ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော် ရေးအတွက် ပထမဦးဆုံး ထိုင်းဘတ် သန်း ၃၀၀ ဖြင့် ရင်းနှီးမြုပ်နှံခဲ့ကြကြောင်း၊ (SQ) ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်း၊ (GOLDEN LAKE ) ရွှေရေကန်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းဖြင့် ရယူကြပြီး တစ်နှစ်ကို ကျောက်မီးသွေးတန်ပေါင်း ၃၀၀,၀၀၀ ရရှိအောင် တူးဖော်ကြမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းသည်။

ရရှိသည့် ကျောက်မီးသွေးအများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ရန်ဖြစ်သည်။ ထို့အပြင် မဂ္ဂါဝပ် အား (၆၀၀) ထွက်ရှိသော ကျောက်မီးသွေးသုံး လျှပ်စစ် စက်ရုံကိုလည်း တည်ဆောက်ရန်ရည်ရွယ်ထားပြီး ထွက်ရှိသော လျှပ်စစ်များကို ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ဖြန့်ဖြူးကြမည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယခုပြန်လည် တူးဖော်မည့် ကျောက်မီးသွေးစီမံကိန်းသည့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ကျောက်မီးသွေးညို (Lignite) တူးဖော်ရန်အတွက် အီတာလျှီ-ထိုင်းကုမ္ပဏီကလည်း တူးဖော်ခွင့်ရထားကြပြီး ထိုင်းနိုင် ငံရှိ ပြည်သူများနှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြသည့်အတွက် ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်း ထားသည့် စီမံကိန်းဖြစ်သည် စိုင်းခေးဆိုင် က ပြောသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...