တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည် ဟု သတင်းရရှိသည်။
NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် အောက်တိုဘာ ၂၈ ရက် နေ့လည် ၂နာရီတွင် ကျင်းပမည်ဖြစ်ပြီး၊ ဂုဏ်ပြု ညစာကို ညနေ ၆နာရီတွင် တည်ခင်း ဧည့်ခံမည် ဟု သိရသည်။
၎င်းနှင့်ပတ်သက်ပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPWT ) တို့သည် အောက်တိုဘာ ၂၁ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန တွင်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် NCA စာချုပ် အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် တွင် အဓိကကျသည့် ယန္တရားတခုဖြစ်သည့် အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး၊ မအောင်မြင်ရေးသည် UPDJC အပေါ်မူတည်ကြောင်း NCA-S-EAO အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
အဆိုပါ ပြောဆိုချက်သည် NCA-S-EAO UPDJC ၏ ယနေ့ ပြုလုပ်သည့် ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်မှူးကြီး စိုင်းငင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည့် ၄ နှစ်ပြည့် NCA စာချုပ် အခမ်းအနား အလွန် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အခမ်းအကျင်းများ ကို ထည့်တွက်ပြီး ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ရမည် ဟုလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်တွဲ ပူပေါင်းဆောင်ရွက်ရန်လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ထပ်လောင်းပြောကြားသည်။
NCA နှစ်ပတ်လည် အခမ်းအနားကို အစိုးရဘက်မှ အကြီးအကဲများ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယခင် ပါဝင်ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်များ၊ NCA ရေးထိုးနိုင်ရေး အတွက် ကူညီ ပံ့ပိုးပေးခဲ့ကြသူများ တက်ရောက်မည်ဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်မှလည်း ခေါင်းဆောင်များ ပါဝင်တက်ရောက်ကြမည် ဟု သိရသည်။







