ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းက ခေးနင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမားနှစ်ဦးမှ ပစ်ခတ်ခဲ့မှုကြောင့် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရှုံ့ချကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က အောက်တိုဘာလ ၂၁ ရက်နေ့က တောင်းဆိုလိုက်သည်။
အလားတူ တအာင်းပြည်သူများကလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်သည်ဟု ပြောသည်။
လုပ်ကြံပစ်ခတ်ခံခဲ့ရသည့် ခေးနင်းကျောင်းထိုင်ဆရာတော်မှာ တအာင်းဆရာတော်တစ်ပါးဖြစ်ပြီး အဆိုပါ ကျောင်းတွင် သီတင်းသုံးနေသည်မှာ ၁၆ နှစ်ရှိပြီဖြစ်ပြီး တအာင်းကလေးငယ်များ စာတတ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ဆရာတော်တစ်ပါးဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့က ညက ဖြစ်ပွားခဲ့သည့် ခေးနင်းကျေးရွာမှ တအာင်းဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဘဒ္ဒ န္တပညာဇောတ(ဓမ္မာစရိယ) ယခုကဲ့သို့ လုပ်ကြံပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ခေးနင်းဒေသခံတစ်ဦး၊ တအာင်းအမျိုးသမီးအဖွဲ့ TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိစငါး၊ တအာင်းပါတီဥက္ကဋ္ဌ ဦးကျောင်အောင်နှင့် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့မှ မိုင်းမျိုးအောင် တို့၏ အမြင်များကို ဆက်သွယ်မေးမြန်းထားသည်။
“ဒီလို ဆရာတော် ပျံလွန်တော်မှုသွားတာ တအာင်းပြည်သူတွေအတွက်တော့ အရမ်းအများကြီးလည်း နစ်နာ တာပေါ့နော်၊ တချို့ဆိုလည်း တောင်ပေါ်မှာနေတဲ့ မရှိ ၊ ဆင်းရဲ၊ ပညာရေးဆိုလည်း ခက်ခဲဖြစ်တာတွေ ဆရာတော်ဆီမှာ လာရောက်ပြီးတော့ ဆရာတော်ရဲ ့အရိပ်အောက် နေပြီးတော့ စာတွေသင်တယ်။ ပြီးတော့ မိဘအခက်အခဲ ရှိတော့ ကလေးတွေကိုလည်း ဆရာတော်ရဲ့ကျောင်းမှာ လာထားတာပေါ့နော်။ နောက်တစ်ခုတော့ ဆရာတော် ကိုးကွယ်တဲ့ ပြည်သူတွေအားလုံးကတော့ နစ်နာသွားတာပေါ့။” ခေးနင်း ဒေသခံ
“ဆရာတော်က ဘာကြောင့်သတ်ခံရသလဲဆိုတော့ အမတို့လည်း မပြောနိုင်သေးဘူး၊ သေချာလည်း မသိရသေးဘူးဆိုတော့ အသတ်ခံရသလောက်ပဲ သိထားတယ်။ ဒါကတော့ စဉ်းစားကြည့်လေ ကိုယ်က ဗုဒ္ဓဘာသာဝင် တစ်ဦးဆိုတော့ ကိုးကွယ်အားထားရာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဒါ ကိုယ့်ရဲ့အထွန်းအထိပ် အမြဲတန်ဖိုးထားတဲ့ အပေါ်မှာ ဆရာတော် တစ်ပါးလည်း ဟုတ်တယ်၊ ကိုယ့်ရဲ့ ကိုးကွယ်ရာ အမျိုးဘာသာ တစ်ခုလုံးနဲ့ထိခိုက်တယ်။ ဒါက ဗုဒ္ဓဘာသာ ဝင်တိုင်းအတွက်က ယူကြုံးမရတဲ့ အရာတစ်ခုတော့ ပြောလို့ရတာပေါ့။ အဓိက သတ်ခံရတဲ့ ဆရာတော်အတွက်ကော အခြားအမှုမပေါ်တဲ့ လူထုတွေ အတွက်ပါ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သေချာစုံစမ်းပြီး အမှုမှန် အမှန်တရား ပေါ်ပေါက်ဖို့ လုပ်ပေးစေချင်၊ ဒီလိုအပြစ်မဲ့ လူထု သံဃာတော်များ ဦးတည်တိုက်ခိုက်တဲ့ လုပ်ရပ်ကို ရပ်တန့်စေချင်တယ်။ ကျမတို့အနေနဲ့ဒီလုပ်ရပ်အပေါ် လုံးဝကန့်ကွက်တယ်။” လွေးချိဆငါး တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO
“ဘယ်လောက်ထိ နစ်နာတယ်ဆို ဒါက မပြောပြတက်တာပေါ့ တအာင်းတွေပဲ နစ်နာတာမဟုတ်ဘူး ဘာသာသာသနာအတွက်လည်း နစ်နာတယ်။ ဒေသအတွက်လည်း နစ်နာတယ်။ အားလုံးအတွက် နစ်နာပါတယ်၊ ဘာလို့တအာင်းတစ်ခုထဲ မဟုတ်ဘူးပြောသလဲဆိုတော့ ဒီဒေသထဲမှာ ဖြစ်တဲ့ အတွက် ပြည်သူတွေ လုံခြုံမှုမရှိဘူးဆိုတဲ့မျိုး ခံစားရတာပေါ့ဗျာ၊ အဲဒါကြောင့် ဒီကိစ္စက တအာင်းတယောက်ထဲ တစ်မျိုးထဲ နစ်နာတာ မဟုတ်ပါဘူး၊ ဒီဒေသတွေ ဒီလူတွေအားလုံးနစ်နာတယ်၊ စိတ်ပိုင်ဆိုင်ရာ လုံခြုံမှုရော နစ်နာတယ်၊ ဘာပြောချင်သလဲဆိုတော့ ကျနော်တို့က ပြည်သူထဲဆိုတော့ လုံခြုံရေးအပိုင်းကတော့ ဒါနိုင်ငံတော်အစိုးရက ပိုပြီးမှ ဆောင်ရွက်ပေးသင့်တာပေါ့ဗျာ။”ဦးကျော်အောင် လားရှိုးမြို့နယ် တအာင်းအမျိုးသားပါတီ TNP ဥက္ကဌ
“ဒါကတော့ တော်တော်လေးကို ပြည်သူအတွက် ခြိမ်းခြောက်ဖို့အတွက် ဖြစ်တာပေါ့နော်၊ ပြီးတော့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်တယ်၊ ဒါက ဒီဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်၊ ပြီးတော့ တရားဥပဒေစိုးမိုးရေး မရှိဘူး၊ ကျနော်တို့ ပြည်သူလူထုတွေဘ၀ လုံခြုံဖို့ လုံးဝမရှိဘူး၊ အဲကြောင့်မို့ ဒီလိုမျိုး လုပ်ရပ်မျိုးတွေက ကျနော်တို့ လုံး၀ လက်မခံဘူး၊ ဒီလို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်ဖြစ်သွားတာပေါ့ ဒါကတော့ ဘယ်သူလုပ်လဲ ဘယ်သူစေခိုင်းလဲ မသိဘူးပေါ့နော်၊ စွပ်စွဲလို့လည်းမဖြစ်ဘူးပေါ့။ အဲဒါက အဓိကတော့ နိုင်ငံတော်က လုံခြုံမှုမရှိဘူးပေါ့ ၊ ပြီးတော့ တချို့ကိစ္စရပ်တွေကပေါ့နော် စစ်ရေး နိုင်ငံရေးတွေလိုမျိုး ပုံစံတွေမှာ ဘုန်းကြီးတွေက ကိုယ့်လူမျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်တဲ့ အပေါ်မှာ သူတို့က အမြင်တွေ လွှဲမှားပြီးတော့ သံဃာတော်တွေက ဟိုဟာစပ်စပ် ဒီဟာစပ်စပ်ဆိုပြီးတော့ အထင်မှားတာပေါ့။ အဲဒါမျိုး ဆရာတော်တွေကို ရက်ရက်စက်စက် သတ်လိုက်တာပေါ့” မိုင်းမျိုးအောင် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ TLA
အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း လားရှိုးမြို့နယ်၊ မန်ကောင်းကျေးရွာအတွင်း ရွာလူကြီးတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။
ထို့အပြင် ပြီးခဲ့သည့် နှစ်ကလည်း ကျောက်မဲမြို့နယ်အတွင်း ကျောင်းထိုင်ဆရာတော် တစ်ပါး ပစ်ခတ်ခံခဲ့ရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က အောက်တိုဘာလ ၂၀ ရက်နေ့က ပစ်သတ်ခံခဲ့ရသည့် ခေးနင်းကျောင်းထိုင် ဆရာတော်ဘုရားအမှုနှင့် ၂၀၁၈ ခုနှစ် ကျောက်မဲမြို့နယ်၊ ရွှေကျင်ကျောင်းဆရာတော် ဘုရားပစ်သတ်လုပ်ကြံခံရမှုများအတွက် သက်ဆိုင်ရာအနေဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။







