ရှစ်ကြိမ်မြောက် မိုင်းပေါက်ကွဲမှု ရေဖြူတွင် ဖြစ်ပွား

ရှစ်ကြိမ်မြောက် မိုင်းပေါက်ကွဲမှု ရေဖြူတွင် ဖြစ်ပွား

တင်္နသာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဒေသရှိ ကွမ်းသီးခြံတစ်ခြံတွင် အောက်တိုဘာလ ၈ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး ၎င်းခြံအတွင်းရှိ နိုင်မွန်ချမ်းဆိုသူ၏ ဘယ်ဘက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“(အောက်တိုဘာ ၈) ညနေပိုင်းလောက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု ထပ်ဖြစ်တယ်၊ ပေါက်သွားတာကခြံထဲမှာ အခုပေါက်ကွဲတဲ့နေရာကလည်း အရင်က ပေါက်ကွဲခဲ့တဲ့နေရာ၊ အနီးအနားတဝှိုက်မှာပဲ၊ မိုင်းကတော့ လက်လုပ်မိုင်းတွေ ဖြစ်တယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စခန်း က ပြောသည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝှိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်နေ့မှစတင်၍ ယခုလအထိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ၊ ဒေသခံများ သွားလာအသုံးပြုနေသည့် လမ်းများတစ်လျှောက်တွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှု ဖြစ်စဉ်များ စတင်ဖြစ်ပွားလာခဲ့ကာ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိခဲ့သော်လည်း ခြေထောက်ဖြတ်တောက်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

“မိုင်းနင်းမိတာတို့ ပေါက်တာတို့က ကျနော်တို့ဆီမှာမရှိခဲ့ဖူး။ ဒီ ၂၀၁၈ မှာမှ ဒီလိုအဖြစ်မျိုးတွေ ရှိလာခဲ့တယ်၊ ဆက်တိုက်ကို ဖြစ်လာခဲ့တယ်၊ ကျနော်တို့မှာက ခြံပဲလုပ်ကြတယ်လေ ခြံသွားလည်း နင်းမိတယ် လမ်းသွားလည်း နင်းမိတော့ အကုန်လုံးက ကြောက်ကုန်ကြတာပေါ့။ ဒါပေမယ့်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်နေရတယ်” ဟု ရေဖြူဒေသခံ ဦးအောင်က ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား အငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။

သို့သော်လည်း ဒေသအတွင်းဖြစ်ပွားနေသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ငြင်းဆိုထားကြသည်။

ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းကိစ္စများကို ဖြေရှင်းနိုင်ရန် အစိုးရကို တင်ပြထားကြောင်းနှင့် KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြောင်း မွန်ပြည်သစ်ပါတီ ဗဟို နိုင်ငံရေးဌာနမှ ဒု-တာဝန်ခံ နိုင်အောင်မငေး က ပြောသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းတွင် နယ်မြေအငြင်းပွားမှု၊ KNU မှ သစ်ထုတ်လုပ်နေမှုများကြောင်း ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်းတွင် ၆ ကြိမ်ထက်မနည်း ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...